လက်ခံရရှိ

December 7, 2020

တရုတ် ကိုဗစ်ကာကွယ်ဆေး အင်ဒိုနီးရှား လက်ခံရရှိ၊ လူအများအပြားကို ထိုးနှံရန် ပြင်ဆင်

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ပထမဆုံး သင်္ဘောတင်ပို့မှုကို အင်ဒိုနီးရှား အစိုးရဟာ ဒီဇင်ဘာ ၆ ရက်က လက်ခံရရှိခဲ့တယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောလိုက်ပါတယ်။ အစိုးရက လူအများအပြားကို ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ်အတွက် ပြင်ဆင်နေပါတယ်။  အင်ဒိုနီးရှားနိုင်ငံဟာ တရုတ်နိုင်ငံက စီနိုဗက် ဘိုင်အိုတက်ခ်လီမီတက်ကနေ ကိုရိုနာ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးဆေး ၁ ဒသမ ၂ သန်းကို လက်ခံရရှိခဲ့ပြီး ဒီကာကွယ်ဆေးကို အင်ဒိုနီးရှားမှာ သြဂုတ်လတည်းက စမ်းသပ်ပြီးခဲ့ပြီလို့ သမ္မတ ဂျိုကိုဝီက အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။  ဇန်နဝါရီအစောပိုင်းမှာ နောက်ထပ် ကာကွယ်ဆေး ထိုးဆေး အလုံးရေ ၁ ဒသမ ၈ သန်းကို အစိုးရက ထပ်ပြီး လက်ခံရရှိဖို့ စီစဉ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။  စီနိုဗက်ကာကွယ်ဆေးရဲ့ နောက်ပိုင်းအဆင့် စမ်းသပ်မှုကို ဘရာဇီးနဲ့ တူရကီမှာ စမ်းသပ်နေ ဆဲဖြစ်ပြီး ဘရာဇီးနိုင်ငံထဲက စမ်းသပ်မှုအတွင်း ထိရောက်မှုဆိုင်ရာ ကနဦးရလဒ်တွေကို ဒီဇင်ဘာ လလယ်မှာ ရဖို့ မျှော်လင့်ထားပါတယ်။  အင်ဒိုနီးရှားဟာ ကာကွယ်ဆေး ထိုးဆေး လုံးရေ ၁၅ သန်းအတွက် ကုန်ကြမ်းတွေကို ဒီလထဲမှာ လက်ခံရရှိဖို့ နဲ့ နောက်လထဲမှာ ထိုးဆေး သန်း ၃၀ အတွက် ကုန်ကြမ်းတွေကို လက်ခံ ရရှိဖို့ မျှော်လင့်ထားတယ်လို့လည်း သမ္မတက ပြောပါတယ်။  ကာကွယ်ဆေးကို နိုင်ငံလူဦးရေ သန်း ၂၇၀ ဆီ မဖြန့်ဖြူးမီ အစိုးရက ပြင်ဆင်နေချိန်မှာ အစားအစာနဲ့ ဆေးဝါးအေဂျင်စီက စစ်ဆေးအကဲဖြတ်ဖို့ လိုသေးတယ်လို့လည်း ဂျိုကိုဝီက ပြောပါတယ်။  အင်ဒိုနီးရှားနိုင်ငံမှာ လတ်တလောသီတင်းပတ်တွေအတွင်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူဦးရေ အရှိန်နဲ့ တိုးနေပြီး တနင်္ဂနွေနေ့ထိ ကူးစက်ခံ အတည်ပြုလူနာ ၅ သိန်း ၇ သောင်း ၆ ထောင် နီးပါး ရှိနေပါတယ်။  ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၈၀၀၀ နီးပါးရှိလို့ အရှေ့တောင်အာရှမှာ ကူးစက်မှု အမြင့်ဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။ 
4 months Ago
Up