လက်ဝှေ့ကြိုးဝိုင်းထဲက ရွှေ့ပြောင်းလုပ်သား ကလေးများ

May 28, 2016

လက်ဝှေ့ကြိုးဝိုင်းထဲက ရွှေ့ပြောင်းလုပ်သား ကလေးများ

စာရေးသူမှာ လက်ဝှေ့ထိုးပွဲကြည့်ရတာ ၀ါသနာမပါသလို ပွဲစဉ်တခုကို အဆုံးထိလည်း ထိုင်မကြည့်ဖူးပါဘူး။ ပရိသတ်တွေကို ဖျော်ဖြေပေးဖို့ ကိုယ့်အသားကို အထိခံ အနာခံပေးရတဲ့ ကစားပွဲ၊ ငွေကြေးရဖို့ စွန့်စားရတဲ့ပွဲလို့ပဲ မြင်မိပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ထာ့ဖဲဂိတ်အနီး Thapae Boxing Stadium လက်ဝှေ့ထိုးပွဲတခုမှာ ဆယ်ကျော်သက် ရွှေ့ပြောင်းအလုပ်သမားလေးတယောက်က ပြိုင်ဘက်ကို အလဲထိုး အောင်မြင်ခဲ့တယ်ဆိုတဲ့သတင်းက သူတို့အကြောင်းကို သွားရောက် လေ့လာစေဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့ ညပွဲစဉ်မှာ အနိုင်ရခဲ့သူကတော့ အသက် ၁၃ နှစ်ရွယ် စိုင်းခွန်ဆစ် ခေါ် ချိုင်း (စိုင်း) ဆိုတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေးတယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့မိဘတွေက ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ် ၀မ်ဆော့ကျေးရွာက ဖြစ်ပြီး လက်ရှိ ချင်းမိုင်မှာ ဆောက်လုပ်ရေး (ပန်းရံ) အလုပ် လုပ်နေတာပါ။ လက်ဝှေ့ထိုးဖို့ ဖြစ်လာရတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ချိုင်း (စိုင်း) က “ကျနော်က လက်ဝှေ့ပွဲကြည့်ရတာ ၀ါသနာပါတယ်။ ဒီလေ့ကျင့်ရေးစခန်းကို ရောက်လာတာ ၁ နှစ်လောက်ရှိပြီ။ ထိုးကွင်းထဲကို သွားရတာလည်း ၈ ခါ ၉ ခါ ရှိပြီ၊ ထိုးကွင်းတခါသွားရင် အစကတော့ ဘတ် ၆၀၀ ရတယ်။ ဟိုနေ့က အနိုင်ရတော့ ဘတ် ၁၀၀၀ ရတယ်။ ပိုက်ဆံရလာရင် တချို့ကို အဖွဲ့ရန်ပုံငွေ ထည့်တယ်။ တချို့ အမေအဖေကို ပေးတယ်။” ချိုင်းဟာ မြန်မာပြည်မှာ ၃ တန်းအထိနေခဲ့ပြီး ဒီ ထိုင်းကိုရောက်တော့ သူငယ်တန်းကနေ ပြန်စနေတာ အခု ၅ တန်းရောက်နေပြီလို့ ပြောပါတယ်။ ကြီးလာရင် လက်ရွေးစင် လက်ဝှေ့ထိုးသမားတယောက် ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ချိုင်းကို အကြောင်းပြုပြီး သူတို့ရဲ့ လက်ဝှေ့ထိုး လေ့ကျင့်ရေးစခန်းကို သွားရောက် လည်ပတ်ခဲ့ရပါတယ်။ ချင်းမိုင်မြို့ ဆန်ဖီဆေ့ရပ်ကွက်ထဲမှာရှိတဲ့ လက်ဝှေ့လေ့ကျင့်ရေးစခန်းကို ရောက်သွားတော့ ချိုင်းလိုပဲ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားကလေး ၁၀ ယောက်ကျော် လက်ဝှေ့ထိုး ကျင့်နေတာကို  တွေ့ခဲ့ရပါတယ်။ အဆိုပါစခန်းမှာ လက်ဝှေ့ဝါသနာရှင်နဲ့ ထိုင်းလက်ရွေးစင် လက်ဝှေ့ထိုးသမားတို့ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိကပိုင် လေ့ကျင့်ရေးစခန်းဖြစ်ပြီး လက်ရှိ လာရောက်လေ့ကျင့်နေသူ လူငယ် ၃၀ ခန့်ရှိကာ အများစုက ရွှေ့ပြောင်းအလုပ်သမားကလေးနဲ့ တောင်ပေါ်သား တိုင်းရင်းသားကလေးတွေ ဖြစ်တယ်လို့ သင်တန်းဆရာ နိုင်းဖန်ဆစ် ဖစ်ခ်ျထုံးချိုင်းက ပြောပါတယ်။ “ကျနော်ကတော့ လက်ဝှေ့သမားဟောင်းပေါ့။ ကျနော်တတ်တဲ့ပညာနဲ့ လူငယ်တွေကို ပြန်ဝေငှပေးချင်တယ်။ ဒီလေ့ကျင့်ရေးစခန်းဖွင့်တာ ၂ နှစ်ကျော် ၃ နှစ်ထဲမှာပဲ ရှိသေးတယ်။ ဒီကလပ်ထဲမှာ အဖွဲ့ဝင် ၃၀ ကျော် ရှိတယ်။ အသက်က အငယ်ဆုံး ၆ နှစ်ကနေ ၂၀ ကျော်ထိ ရှိတယ်။ အဲဒီထဲမှာ ထိုင်းလူမျိုးကလေးတွေက နည်းနည်းပဲပါတယ်။ ၃- ၄ ယောက်ပဲ၊ အများစုက ရွှေ့ပြောင်းအလုပ်သမား ကလေးတွေ၊ တောင်ပေါ်သားကလေးတွေ။ ကရင်လည်းပါတယ်၊ ရှမ်းလည်းပါတယ်၊ မြောင်လည်းရှိတယ်၊ မိဘမဲ့ကလေးတွေလည်း ပါတယ်။ ထိုင်းကလေးနဲ့ ဒီကလေးတွေက ဘာကွာလဲဆိုတော့ ရွှေ့ပြောင်းလုပ်သားကလေးတွေက ကြိုးစားတယ်။ ပင်ပန်းခံနိုင်တယ်။ ဘာသာစကား အခက်အခဲရှိပေမယ့် အဓိက မဟုတ်ပါဘူး။ သူတို့ လုပ်နိုင်တယ်။ ဆုလည်း ရဖူးတယ်။ ဒါပေမယ့် ချင်းမိုင်မြို့တွင်းက ပွဲငယ်လေးတွေပါ။ ခရိုင်အဆင့်၊ နိုင်ငံအဆင့်ထိတော့ တက်စေချင်တာပေါ့။ ကြိုးစားနေပါတယ်။” အဆိုပါစခန်းမှာ နေ့စဉ် ညနေ ၆ နာရီကစ ၈ နာရီထိ လက်ဝှေ့ထိုးလေ့ကျင့်ပြီး  ကြိုးဝိုင်းထဲ ၀င်ထိုးခွင့်ရတဲ့ ကလေးတွေအနေနဲ့  တကြိမ်ကို ဘတ် ၅၀၀ အနည်းဆုံး ရရှိကြောင်း၊ ငွေတချို့ကို  လေ့ကျင့်ရေးစခန်းမှာ ပြန်စုထားပြီး စားရေးသောက်ရေးနဲ့ လက်ဝှေ့ထိုးရာမှာ လိုအပ်တဲ့ပစ္စည်း အသုံးအဆောင်တွေ ပြန်ဝယ်တယ်လို့ သူက ဆက်ပြောပါတယ်။ ကလေးတွေဆီက ငွေဘယ်နှရာခိုင်နှုန်း ပြန်ကောက်သလဲဆိုတာတော့ ပြောမသွားပါဘူး။ ထိုးကွင်းထဲက လူငယ့်အသံတချို့ကို ပြန်နားထောင်ကြည့်ပါစို့….. စောအောင်သင်း (အသက် ၂၅ နှစ်) ဇာတိ ဖာပွန်မြို့နယ်။ ကရင်ပြည်နယ်။ လက်ရှိ ပန်းရံအလုပ်သမား။ “ကျနော်ကတော့ ကရင်ပြည်မှာ နေကတည်းက လက်ဝှေ့ထိုးလာတာ၊ ပြည်တွင်းမှာ ပွဲပေါင်း ၂၀ ကျော်၊ ဒီထိုင်းမှာ ၃၀ ကျော် ထိုးခဲ့ဖူးပြီးပြီ၊ နိုင်တဲ့ခါလည်း ရှိတယ်။ ရှုံးတဲ့အခါလည်း ရှိတယ်။ အစတုန်းက အဖေ၊ အမေက လက်ဝှေ့ထိုးတာ မကြိုက်ဘူး။ အိမ်က မသိအောင် ခိုးသွားရတယ်။ ဒဏ်ရာတွေရလာရင် အိမ်မပြန်ရဲတော့ဘူး။ အနာကို ဆေးကုပြီး ပျောက်မှ အိမ်ပြန်တယ်။ အခုတော့ ဘာမှမပြောတော့ဘူး။ ဒီစခန်းရောက်တာလည်း ၂ နှစ်ကျော်ပြီ၊ ကျနော့်ရည်မှန်းချက်က နာမည်ကြီး လက်ဝှေ့သမားတယောက် ဖြစ်ချင်တယ်။” စိုင်းစွမ်ဆိုင် (အသက် ၁၈ နှစ်) ဇာတိ နမ့်လန်ရွာ၊ သီပေါမြို့နယ်။ လက်ရှိ သောက်ရေသန့်စက်ရုံ အလုပ်သမား။ “ကျနော် ထိုင်းကိုရောက်တာ ၅ နှစ်ရှိပါပြီ။ အဖေနဲ့ လိုက်လာတာ၊ အဖေက သောက်ရေသန့်စက်ရုံမှာ လုပ်တယ်။ အမေက ရှမ်းပြည်မှာ။ ကျနော့်ကိုလည်း ဒီမှာပဲ အလုပ်သွင်းပေးတယ်။ ရေရောင်းတဲ့ကားနဲ့ လိုက်ပြီး ရေဘူးတွေ သယ်ရတာပေါ့။ ကျောင်းတော့ မနေရဘူး။ ညနေ အလုပ်ပြီးတာနဲ့ ဒီမှာ လက်ဝှေ့လာကျင့်တယ်။ လက်ဝှေ့ထိုးသမားတွေက ယောက်ျးပီသတယ်လို့ ကျနော်မြင်တယ်။ ကြည့်လို့ကောင်းတယ်။ အနာဂတ်မှာတော့ အောင်မြင်တဲ့ လက်ဝှေ့သမားအဖြစ် ဆွေမျိုးအသိုင်းအ၀ိုင်းကြားမှာ မျက်နှာပွင့်ချင်တယ်။” စိုင်းဆာ (၈ နှစ်) ၂ တန်းကျောင်းသား။ “ကျနော်က ထိုင်းမှာမွေးတာ၊ အဖေရော အမေရော ပန်းရံလုပ်တယ်။ ရှမ်းပြည်မှာ မိုးနဲကလို့ ပြောတာပဲ။ လက်ဝှေ့ထိုးရတာ ပျော်တယ်။ တီဗွီထဲမှာကြည့်တာလည်း ပျော်တယ်၊ ကြီးလာရင်လည်း လက်ဝှေ့သမား ဖြစ်ချင်တယ်။” စိုင်းတား (၉ နှစ်) ၃ တန်းကျောင်းသား။ “လက်ဝှေ့ထိုးတာ မနာပါဘူး။ သွားမကျွတ်အောင်လို့ ပါးစပ်ထဲမှာ ဒီအံကပ်ကို ထည့်ထားရတယ်။ လက်ဝှေ့ထိုးတာ ကြိုက်တယ်။ ပိုက်ဆံလည်း အများကြီးရတယ်။ ၅၀၀ ရတယ်။” အဲဒီ လက်ဝှေ့လေ့ကျင့်ရေးစခန်းမှာ ရှားရှားပါးပါး မိန်းကလေးတယောက်ကိုလည်း တွေ့ခဲ့ရပါတယ်။ “သမီးနာမည်က ဖိမ်းလို့ခေါ်တယ်။ ဇာတိက ရှမ်းပြည်နယ် မိုင်းပန်ကပါ။ ငယ်ငယ်ကတည်းက ထိုင်းကို ရောက်နေတာ၊ ကောဆော်နော (ပြင်ပအစိုးရကျောင်း) အခု ၁၀ တန်းအောင်ပြီ၊ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတာ။ လက်ဝှေ့ထိုးတာ အမေမကြိုက်ဘူး။ မိန်းကလေးဖြစ်ပြီး ယောက်ျားလေးတွေနဲ့ ရောရောနှောနှော ထိုးသတ်နေတာ မကြိုက်ဘူး။ ဒါပေမယ့် သမီးကကြိုက်လို့ မတားပါနဲ့လို့ ပြောတယ်။ ပတ်ဝန်းကျင်မှာ မိန်းကလေးတွေ မတရားကျင့်ခံရတာတွေ ခဏခဏ ကြားရတယ်။ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဒီလို ကိုယ်ခံပညာ တတ်ထားသင့်တယ်လို့ မြင်ပါတယ်။” ဒီစခန်းကို အချိန် ၁ နာရီလောက် လည်ပတ်ရခြင်းဖြင့် မြန်မာပြည်ကလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ကလေးတို့ရဲ့ ဘ၀ပုံရိပ်တချို့ကို တွေ့မြင်ခဲ့ရပါတယ်။ အနာဂတ်မှာ နာမည်ကျော် လက်ဝှေ့သမားဖြစ်ချင်တဲ့ ကလေးတွေရှိသလို ဘာရည်ရွယ်ချက်မှမရှိ ပျော်လို့၊ ပိုက်ဆံရဖို့ လက်ဝှေ့ထိုးတဲ့ ကလေးတွေလည်း တွေ့ရတယ်။ အဲဒီလက်ဝှေ့ပွဲဟာ ထိုင်ခုံအနီးအဝေးအလိုက် ၀င်ကြေးတဦးကို ဘတ် ၆၀၀ မှ ဘတ် ၁၀၀၀ ထိ ပေးရပြီး လက်ဝှေ့ရုံထဲ ရောက်သွားတဲ့ စားသောက်ဖွယ်ရာတွေမှာလည်း အပြင်မှာထက် ၃ ဆ ဈေးကြီးပေးကာ ၁ ညကို ကြည့်ရှုအားပေးသူ ၅၀ ကျော် ရှိပါတယ်။ လေ့ကျင့်ရေးစခန်းထဲက ကလေးတွေကတော့ ကိုယ့်ဘ၀နဲ့ကိုယ် ပျော်ရွှင် ကျေနပ်နေဟန်ရှိပေမယ့် လက်ဝှေ့ပွဲမကြိုက်တဲ့ စာရေးသူအမြင်မှာတော့ နိုင်ငံခြားသား အများစုမှ ဈေးကြီးပေးပြီး ၀ယ်ကြည့်ကြတဲ့ ထိုးကွင်းထဲက အနာခံ ဖျော်ဖြေရေးသမားတွေနဲ့ ပြည်ပကို ဖိတ်စင်လာတဲ့ လူသားအရင်းအမြစ်တွေလို့ပဲ မြင်မိပါတော့တယ်။  
6 years Ago
Up