လက်ဝှေ့မယ်

July 26, 2017

အမျိုးသားဘဝမှ လိင်အင်္ဂါပြောင်းလဲပြီးနောက် နာမည်ကြီးလက်ဝှေ့မယ်ဖြစ်လာသူ (ရုပ်သံ)

မိတ်ကပ်၊ နှုတ်ခမ်းနီတွေ ခြယ်သထားပြီး ပန်းရောင်အားကစားဘောင်းဘီတိုနဲ့ အပေါ်ပိုင်း ဘရာဝတ်ဆင်ထားပေမယ့် နွန်ရို့စ် ဘန်းချာရွန်ဆုခ်ဟာ ပြိုင်ဘက် အမျိုးသား လက်ဝှေ့သမားတွေ ရှိန်ရလောက်တဲ့ လက်ဝှေ့မယ်တဦး ဖြစ်လာပါတယ်။ သူဟာ အမျိုးသားဘဝကနေ အမျိုးသမီးတဦးအဖြစ် လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ခဲ့ပြီးနောက်မှာမှ မွေထိုင်းလက်ဝှေ့မယ်တဦး ဖြစ်လာခဲ့ပြီး နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက်ဝှေ့ပွဲစဉ် ၅ ပွဲစလုံးမှာ သူ့ကိုရှုံးနိမ့်ခဲ့ရတဲ့ အမျိုးသား လက်ဝှေ့သမားတဦးဖြစ်တဲ့ ပရီရူပက်ခ်ကတော့ “သူ့ရဲ့စွမ်းအားနဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကျနော့်အနေနဲ့ ယှဉ်ထိုးသတ်ဖို့ မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ နွန်ရို့စ် ဘန်းချာရွန်ဆုခ်ဟာ အသက် ၈ နှစ် အရွယ်ကတည်းက လက်ဝှေ့ကျင့်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့အစွမ်းကြောင့် ပြိုင်ဘက် လက်ဝှေ့သမားတွေ၊ ပရိသတ်တွေနဲ့ လူ့အဖွဲ့အစည်းကပါ လေးစားရတဲ့သူတယောက် ဖြစ်လာခဲ့ပါတယ်။ မွေထိုင်းလက်ဝှေ့သမား ဦးလေးဖြစ်သူဟာ ရို့စ်ရဲ့စိတ်ကို သံသယဖြစ်ခဲ့တဲ့အတွက် လက်ဝှေ့အားကစားကို လေ့ကျင့်ဖို့ အားပေးခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ ရို့စ်ဟာ မိတ်ကပ်လိမ်း ဘရာဝတ်ကာ လက်ဝှေ့ကြိုးဝိုင်းထဲကို ဝင်ခဲ့ပါတယ်။ အခုတော့ သူဟာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘူရိရမ်ခရိုင်တွင်းမှာ စခန်းသွင်း လေ့ကျင့်နေတာပါ။ လက်ဝှေ့သင်တန်းပိုင်ရှင် ပွတ်တိပွန် ပလူခရမ်ကတော့ သူနဲ့အတူ သင်တန်းတက်နေတဲ့ လူငယ်တွေအတွက် ရို့စ်ဟာ ကြီးကျယ်တဲ့ စံပြပဲလို့ ပြောပါတယ်။ သင်တန်းချိန်ပြင်ပမှာ ကာရာအိုကေသီချင်းဆိုရင်း တခြား ထိုင်းလူငယ်တွေလို နေတတ်တဲ့ ရို့စ်ဟာ လက်ဝှေ့ထိုးတဲ့လက်အိတ်ကို ဝတ်လိုက်တာနဲ့ တပြိုင်နက်တည်း ယှဉ်ပြိုင်ဖို့ အသင့်ရှိနေကာ ပြိုင်ဘက်ကို သက်ညှာမှာမဟုတ်ဘူးလို့ ပြောပါတယ်။ တခြား မွေထိုင်းလက်ဝှေ့သမားတွေ အများစုလိုပဲ ရို့စ်ဟာ ဒေသတွင်း ပြိုင်ပွဲတွေကနေ စတင် ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒါပေမယ့် သူ့ပုံစံကို မြင်တာနဲ့ ပြိုင်ဘက်တချို့က ပွဲစဉ်ကို ဖျက်သိမ်းခဲ့တာမျိုးတွေ ရှိခဲ့ဖူးတယ်လို့ သတင်းမီဒီယာတွေက ဆိုပါတယ်။ ခုချိန်ထိ ရို့စ်ဟာ လက်ဝှေ့ပွဲပေါင်း ၃၀၀ ကျော် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပွဲစဉ် ၁၅၀ လောက် အနိုင်ရခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ပွဲစဉ်ပေါင်း ၃၀ ကျော်မှာတော့ ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ “လိင်ခွဲစိတ် ပြုပြင်ထားတယ်ဆိုတာ အားနည်းတယ်ဆိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး” လို့ ရို့စ်က ပြောလိုက်ပါတယ်။
4 years Ago

March 11, 2017

စိတ်ကူးအိပ်မက်များဖြင့် ချွေးသံတရွှဲရွှဲ ကြိုးစားနေသည့် လက်ဝှေ့မယ်လေး ဘရော်နီကာ (ရုပ်သံ)

မနက်စောစော ၆ နာရီဆိုရင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းထဲမှာရှိတဲ့ လက်ဝှေ့လေ့ကျင့်ရုံထဲ ပဏာမမြန်မာ့လက်ရွေးစဉ် အားကစားသမားတွေ လေ့ကျင့်နေကြပါပြီ။ အဲဒီထဲမှာထဲမှာ ဘရော်နီကာလို အမျိုးသမီးလက်ဝှေ့မယ်တွေလည်း ပါပါတယ်။ အသက် ၂၀ အရွယ် ကယန်းတိုင်းရင်းသူလေး ဘရော်နီကာဟာ ၂၀၁၅ စင်ကာပူ ဆီးဂိမ်းမှာ ကြေးတံဆိပ်ဆွတ်ခူးထားခဲ့သူပါ။ ဘရော်နီကာတယောက် ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့ပြီး လက်ရွေးစဉ် အမျိုးသမီးလက်ဝှေ့သမားအဖြစ် ရပ်တည်နေတာ ၄ နှစ်ကျော် ကြာခဲ့ပါပြီ။ ဆင်းရဲတဲ့မိသားစုမှာ မွေးဖွားလာတဲ့သူမို့ ငယ်စဉ်ကတည်းက မိဘကို ကူညီခဲ့ရပါတယ်။ "ငယ်ငယ်တုန်းကဆို အဖေက နေမကောင်း၊ အမေက တယောက်တည်းဆိုတော့၊ အမေကလည်း အရက်ချက်တယ်လေ၊ ကျောင်းသွားတက်ရင်လည်း မြို့ထဲမှာ အရက်တွေလိုက်ပို့ရတယ်။ မနက်အစောကြီးသွားရတယ်။ အဲဒီအချိန်ဆိုရင် အမေနဲ့လိုက်ကူဖို့ ကျောင်းတပိုင်းပျက်ခဲ့ရတယ်။" ဘရော်နီကာမှာ သူအပါအဝင် မောင်နှမ ခြောက်ယောက်ရှိပြီး သူက ငါးယောက်မြောက်သမီး ဖြစ်ပါတယ်။ မိဘတွေရဲ့ မပြည့်စုံမှုကြောင့် ဘရော်နီကာတို့ မောင်နှမတွေရဲ့ ပညာရေးကို ဖယ်ခုံမြို့က ရိုမန်ကက်သလစ် ခရစ်ယာန် ဘုန်းကြီးကျောင်းကိုပဲ အားထားခဲ့ကြရတာပါ။ ခရစ်ယာန်ဘုန်းကြီးကျောင်းမှာနေပြီး ဖယ်ခုံမြို့ပေါ်က အထက်တန်းကျောင်းမှာ ကျောင်းတက်ကြရပါတယ်။ သူ ရှစ်တန်းနှစ်မှာ အဲဒီ ခရစ်ယာန်ကျောင်းကိုရောက်ခဲ့ပြီး အသက် ၁၆ နှစ်အရွယ် ကိုးတန်းအရောက်မှာတော့ လက်ဝှေ့မယ်ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ "အားကစားမှူးတယောက်က လာခေါ်တယ်။ အားကစားလိုက်သွားမလား၊ ဝါသနာပါလား၊ လက်ဝှေ့ထိုးမလားဆိုပြီး၊ အဲဒီအချိန်တုန်းက ကိုယ်ကလည်း လက်ဝှေ့ဆိုတာ ဘာမှန်းမသိဘူး၊ အားကစားဆိုတာလည်း ဘာမှန်းမသိဘူး။ ထိုးတယ်ဆိုတာ တခုနဲ့ပဲ အေး ထိုးမယ်ဆိုပြီးပြောလိုက်တာ၊ ဒါဆို မနက်ဖြန်သွားရမယ်လည်းဆိုရော ကိုယ့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ပိုက်ဆံကလည်း မရှိဘူး။ အဲဒီတုန်းက ဘုန်းကြီးကျောင်းမှာနေတာ။ ပြီးတော့ အိမ်ပြန်ဖို့ကလည်း အချိန်မရှိဘူး။ မနက်အစောကြီး တောင်ကြီးတက်ရမယ်ဆိုတော့ မရရအောင်သွားမယ်ဆိုပြီး ဘုန်းကြီးနဲ့တိုင်ပင်တယ်၊ ဘုန်းကြီးက ခွင့်ပြုတယ်၊ အမေကတော့ ခွင့်မပြုဘူး၊ အဲဒါနဲ့ ဒီကခိုးသွားတာပေါ့၊ အမေ့ကိုမပြောဘဲ ထွက်သွားတာ မနက်ပိုင်းကြီး။" အဲဒီလိုနဲ့ တောင်ကြီးကနေတဆင့် နေပြည်တော်မှာရှိတဲ့ အားကစား ကမ့်ပ်ကိုရောက်တော့ သူ ကြောက်ရွံ့နေခဲ့ပါတယ်။ "အားကစားကမ့်ပ်လည်းရောက်ရော သူများလေ့ကျင့်တာကြည့်ပြီး၊ အဲဒီအချိန် ကိုယ်ကလည်း ပေတိပေစုတ်နဲ့ ရောက်လာ၊ ချွေးတွေအပေါက်ပေါက်နဲ့ဆိုတော့ ကြောက်တာပေါ့။" သူက ကယန်းလူမျိုးဖြစ်လို့ ဘာသာစကား ပြောဆိုဆက်ဆံရာမှာလည်း အခက်အခဲတွေ ရှိခဲ့ပါတယ်။ "ဗမာစကားဆိုလည်း သိပ်မကျွမ်းတော့ ဆရာတွေပြောတဲ့ စကားတွေ ကိုယ့်မှာ နားမလည်ဘူး။ ဒီဘက်ပြောတဲ့စကားနဲ့ သူတို့ဘက်ပြောတဲ့စကား သိပ်မတူတဲ့အခါကျတော့၊ ဟိုဘက်ပြောတာ ပိုမြန်တာပေါ့၊ တလုံးမှနားမလည်ဘူး။ ဒါပေမယ့် အင်း အား အဲ့သလိုပဲလုပ်တာပဲ။" အဲဒီလို အခက်အခဲတွေနဲ့ ကြုံရပေမယ့်လည်း မြန်မာ့လက်ရွေးစဉ်ဖြစ်ဖို့ဆိုတဲ့ ရည်မှန်းချက်တခုနဲ့ ကြိုးစားလေ့ကျင့်သလို ဒဏ်ရာအနာတရ ရခဲ့အခါတွေမှာလည်း ကြိတ်မှတ်ခံစားရင်း ရှေ့ဆက်ခဲ့ပါတယ်။ "နောက်ပိုင်းမှ လေ့ကျင့်ရင်း လေ့ကျင့်ရင်းနဲ့ အဖွဲ့ချုပ်ရောက်ရမယ်၊ အဲ့လိုစိတ်ရှိတယ်၊ အဲဒီအချိန်တုန်းက ကိုယ်က အငယ်၊ ကမ့်ပ်မှာဆိုတော့ ငါ အဖွဲ့ချုပ်ကို ဝင်ရမယ်၊ နိုင်ရမယ်ဆိုပြီးတော့ အဲ့လိုစိတ်မွေးတယ်။ လေ့ကျင့်ရင်း နာလို့ရှိရင်လည်း ထရိန်နင်ခိုချင်လို့လို့ ဆရာတွေပြောမှာ ကြောက်တော့ တော်ရုံ မပြောဘူး။ တအားကြီး ခံနိုင်ရည်မရှိမှ ပြောပြတယ် ဆရာတို့ကို။" မြန်မာ့လက်ရွးစင်ဖြစ်လာဖို့ ကြိုးစားနေတဲ့ ဘရော်နီကာကို အားကစားဝန်ကြီးဌာနက ကျောင်းဆက်ထားပေးခဲ့လို့ ကိုးတန်းအောင်ခဲ့ပေမယ့် ဆယ်တန်းနှစ်အရောက်မှာတော့ အားကစားနဲ့ ပညာရေးထဲက တခုကိုပဲ ရွေးချယ်ရဖို့ အခြေအနေ ဖြစ်လာခဲ့တာပါ။ "၁၀ တန်းအောင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရင် အဲဒီဘက်မှာပဲကျောင်းတက်၊ မအောင်နိုင်ဘူးဆိုရင်တော့ ဒီဘက်ကိုပဲပြန်လာပေါ့။ ဒီဘက်မှာ လူလည်းလိုနေတဲ့ အခါကျတော့ ကျောင်းမနေတော့ဘူး၊ အားကစားစိတ်ပဲ ရူးသွပ်နေတဲ့ အခါကျတော့လေ၊ အဲဒါနဲ့ နောက်တခေါက် တရုတ်ကို လိုက်သွားခဲ့တယ်။" အားကစားကို အာရုံနှစ်ပြီး လေ့ကျင့်နေပေမယ့် ရွာမှာကျန်ခဲ့တဲ့ သူ့မိဘတွေအတွက် အမြဲပူပန်နေခဲ့ပါတယ်။ မပြေလည်တဲ့ မိဘတွေကို သူ့ချွေးနှဲစာထဲကနေ ရသလောက် ထောက်ပံ့ခဲ့ပါတယ်။ "အဲဒီအချိန်တုန်းက အမေကလည်း အဆင်မပြေ၊ အမတွေကလည်း သူ့ဘေးမှာ တယောက်မှမရှိတဲ့အခါကျတော့လေ အိမ်အတွက်လည်း စိတ်ပူခဲ့တယ်။ ဘယ်လိုနေမလဲ၊ အဖေကလည်း နေမကောင်းတဲ့အခါကျတော့ အိမ်က ဘယ်လိုဖြစ်မလဲမသိဘူးဆိုပြီးတော့။ အဲဒီတုန်းက ဖုန်းလည်းမရှိဘူးလေ။ ပြီးတော့ ဖုန်းဆက်ရမှာလည်း ဘယ်မှာဆက်ရမှာလဲ မသိဘူး။ တလကို မုန့်ဖိုး သုံးသောင်းရတယ်။ တသောင်းသုံးတယ်၊ နှစ်သောင်းကို အိမ်အတွက်ချန်ထားမယ်ဆိုပြီး ပိုက်ဆံတွေစုစုပြီး၊ မသုံးရဲဘူး အိမ်အတွက်ပဲစိုးရိမ်တယ်။ ပြီးတော့ အမေက ဆေးဖိုး ခနခနကုန်တယ်လေ။ အဲဒါနဲ့ အိမ်ကို ရတဲ့ပိုက်ဆံ ပြန်ပို့ခဲ့တယ်။" ပြည်တွင်းပြည်ပမှာ လေ့ကျင့်နေရင်းနဲ့ ၂၀၁၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ စင်ကာပူဆီးဂိမ်းကို ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ နိုင်ငံအတွက်လည်း အမျိုးသမီးလက်ဝှေ့အားကစားကနေ ကြေးတံဆိပ်ကို သူဆွတ်ခူးနိုင်ခဲ့ပါတယ်။ "အတွေ့အကြုံလည်း မရှိတဲ့အခါကျတော့ တံဆိပ်ရမယ်လည်းမထင်ဘူး။ တံဆိပ်ရတော့ အရမ်းကိုပျော်တာပေါ့။ ကိုယ့်နိုင်ငံအတွက်လည်း တံဆိပ်တခုရပြီဆိုပြီးတော့ ပျော်တယ်။ အိမ်ကိုလည်း နည်းနည်းထောက်ပံ့နိုင်ပြီဆိုပြီးတော့ အရမ်းကိုပျော်ခဲ့တာပေါ့။" ဘရော်နီကာတယောက် အခါအခွင့်သင့်လို့ အားလပ်ရက်ရရင် ရှမ်း-ကယားနယ်စပ်က ကဖုရွာလေးမှာရှိတဲ့ သူ့မိဘတွေဆီကို ပြန်လေ့ရှိတယ်။ မိရိုးဖလာ တောင်သူလုပ်ငန်းကိုသာ လုပ်ကိုင်တဲ့ ဘရော်နီကာရဲ့ မိဘတွေကတော့ သူတို့ရဲ့ မျိုးရိုးထဲမှာ လက်ဝှေ့သမားဆိုတာ မပါခဲ့သလို သမီးဖြစ်သူ လက်ဝှေ့ထိုးမှာကိုလည်း အရင်ကတည်းက လက်မခံခဲ့ပါဘူး။ နောက်ပြီး အပျိုအရွယ် သမီးငယ်လေးနဲ့ အဆက်အသွယ်မရတော့ စိုးရိမ်ပူပန်ခဲ့ကြတာပါ။ ဘယ်လိုပဲ စိုးရိမ်မှုတွေ၊ သဘောမတူမှုတွေရှိပေမယ့် သူ့သမီးရဲ့ ဝါသနာကိုတော့ မတားမြစ်နိုင်ပါဘူး။ ဒါပေမယ့် လက်ဝှေ့ထိုးတဲ့ သမီးတယောက် ဒဏ်ရာအနာတရ ကင်းစေဖို့တော့ မိဘမေတ္တာနဲ့ အဝေးကနေ ဆုတောင်းပေးနေကြပါတယ်။ ဘရော်နီကာတယောက် အခုဆိုရင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားဝန်းထဲက လက်ဝှေ့အားကစားရုံထဲမှာ ပဏာမ အမျိုးသမီးလက်ရွေးစဉ်အဖြစ် မနက်နဲ့ ညနေတိုင်း လေ့ကျင့်နေပါတယ်။ အခုတော့ လက်ဝှေ့ကမ့်ပ် စရောက်ကာစနဲ့ ကွာခြားသွားပါပြီ။ "အမြင်လည်းကျယ်လာတယ်၊ ပြီးတော့ စကားလည်း နည်းနည်း ပိုင်ပိုင်နိုင်နိုင် ပြောနိုင်လာတယ်။ လူကြားလည်း တိုးရဲတာပေါ့၊ လက်ဝှေ့နဲ့ပတ်သက်ရင်လည်း အရင်ထက်စာရင် တိုးတက်လာတယ်။" ဘရော်နီကာဟာ ပင်ပန်းကြမ်းတမ်းတဲ့ လက်ဝှေ့အားကစားကို ဝါသနာပါသလို အခြားတဘက်မှာ သိမ်မွေ့နူးညံ့တဲ့ အနုပညာကိုလည်း ခုံမင်သူပါ။ အဝေးက မိဘတွေ၊ သူငယ်ချင်းတွေကို သတိရတဲ့အခါ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ရတဲ့အခါ သူချစ်တဲ့သီချင်းတွေ နားထောင် သီဆိုရင်း ဖြေဖျောက်လေ့ရှိပါတယ်။ ထရိန်နင်အားတဲ့ တနင်္ဂနွေနေ့တိုင်းလည်း ဘုရားကျောင်းသွားပြီး ဝတ်ပြုလေ့ရှိပါတယ်။ လက်ဝှေ့အားကစားကနေ ဆုတံဆိပ်တွေယူပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးတယောက်ဖြစ်လာဖို့ လက်ရှိအချိန်မှာ ကြိုးစားနေပေမယ့် အနာဂတ်ကာလမှာတော့ တေးသံရှင်တယောက်ဖြစ်လာဖို့ သူ ရည်မှန်းထားတာပါ။ "တနေ့နေ့တချိန်ချိန် လက်ဝှေ့က နားခဲ့ရင် သီချင်းဘက်ကိုသွားမှာပေါ့။ သီချင်းလေး ကောင်းကောင်းပြန်ကျင့်မယ်။ ပြီးရင် အဆိုတော်ဖြစ်အောင်လုပ်မယ်လို့ စဉ်းစားထားတယ်။" ရေရှည်မှာ အဆိုတော်တယောက်အဖြစ် ဘဝခရီးကို လျှောက်လှမ်းသွားဖို့ သူဆုံးဖြတ်ထားပေမယ့် သားသမီးတွေသာ ရလာခဲ့ရင် လက်ဝှေ့ပညာကို သင်ပေးသွားဖို့ ရည်မှန်းထားတယ်။ "သူငယ်သေးလို့ ကမ့်ပ်ထဲဝင်လို့ မရသေးဘူး၊ သူ တကယ်ပဲ လက်ဝှေ့ထိုးချင်တယ်ဆိုရင် ကိုယ်အားတဲ့အချိန် သူ့ကို မနက်၊ ည အချိန်ပေးပြီး လေ့ကျင့်ပေးမှာပေါ့။" အဲဒီလို စိတ်ကူးအိပ်မက်တွေနဲ့ ဘရော်နီကာဆိုတဲ့ ကယန်းမလေးတယောက် သူ့ရည်မှန်းခက်တွေပြည့်ဖို့ လောကကြီးထဲက တကယ့်ကြိုးဝိုင်းထဲမှာ ချွေးသံတရွှဲရွှဲနဲ့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ တင်ဆက် - စိုးသီဟ
5 years Ago
Up