လက်သိပ်ထိုးပြီး လာဘ်စားတယ် ဆိုတာမျိုး မရှိလေ ကောင်းလေပါပဲ - ဦးအေးလင်း

A d v e r t i s e m e n t With Us

May 1, 2016

လက်သိပ်ထိုးပြီး လာဘ်စားတယ် ဆိုတာမျိုး မရှိလေ ကောင်းလေပါပဲ - ဦးအေးလင်း

အရင်အစိုးရလက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ တခြားဝန်ကြီးဌာနတွေ အနေနဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဘယ်လိုပုံစံမျိုးနဲ့လုပ်တယ် ဆိုတာကို ပွင့်လင်းမြင်သာစွာ မသိရှိရဘဲ အခုအစိုးရသစ် လက်ထက်မှာတော့ အရင်တုန်းက ရေးဆွဲခဲ့တဲ့ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဒီရက်ပိုင်းမှ မြန်မာနိုင်ငံတော် ပြန်တမ်းက ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ တနှစ်ကြာမှ ထုတ်ပြန်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်းချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၊ တွဲဘက်အတွင်းရေးမှူး-၁ ဦးအေးလင်းကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ ကျနော်တို့ အရင်အစိုးရလက်ထက်က ကန်ထရိုက်စနစ်တွေနဲ့ ၀န်ကြီးဌာနတွေရဲ့ ပရောဂျက်တွေကို ကန်ထရိုက်တွေကနေပြီး လုပ်ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် တိကျတဲ့ Rules တွေ Regulations တွေကို အသေးစိတ်မသိရဘဲနဲ့ လက်သိပ်ထိုးစနစ်တွေနဲ့ လုပ်ကြတာ တွေ့ရတယ်။ အခုကောက်နုတ်ချက်က မြန်မာနိုင်ငံပြန်တမ်းမှာ ထွက်လာပြီဆိုတော့ ကောက်နုတ်ချက်နဲ့ ပတ်သက်ပြီးတော့ ဝေဖန်သုံးသပ်ပေးပါဦးခင်ဗျ။ “ဒီကောက်နုတ်ချက်ထွက်လာတာ ကန်ထရိုက်တာတွေအကုန်လုံး၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အများကြီး ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က တင်ဒါတခုခေါ်ရင် ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အချိန်ပေါ့၊ အဓိကက တင်ဒါယှဉ်ပြိုင်ဖို့အတွက် အချိန်က လုံလုံလောက်လောက်ရဖို့က အရမ်းအရေးကြီးတယ်။ ကောက်နုတ်ချက်ထဲမှာ တော်တော်များများက ပြည့်ပြည့်စုံစုံ ပါတဲ့အတွက် အများသိသွားတော့လည်း ပိုကောင်းပါတယ်ခင်ဗျ။” တကယ်အပြင်က လက်တွေ့အခြေအနေမှာ ကန်ထရိုက်စနစ်နဲ့ ၀န်ကြီးဌာနတွေနဲ့ ဆက်သွယ်လုပ်ကိုင်ရာမှာ ကျနော်တို့တွေ့ရတဲ့ သဘောတူညီချက်တွေ၊ Rules  တွေနဲ့က ကွဲလွဲနေတာ တွေ့ရတယ်။ အဲဒါကော ဟုတ်ပါသလားခင်ဗျ။ “တချို့ဟာတွေကတော့ ကွဲလွဲပါတယ်။ ကွဲလွဲတယ်ဆိုတာကလည်း တင်ဒါယှဉ်ပြိုင်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အနေနဲ့ကလည်း ဒီလိုမျိုး ကြိုတင်ပြီးတော့ ကောက်နုတ်ချက်တွေကို အသေးစိတ် ကြိုမသိရတာတွေလည်း ပါတာပေါ့နော်။ ကျနော်တို့ဖြစ်စေချင်တာကတော့ တင်ဒါခေါ်ပြီဆိုရင် ခေါ်မယ့်အပိုင်းပေါ့၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ဘဏ္ဍာရေးနှစ်မှာ ဘယ်လုပ်ငန်းကဖြင့် ဘယ်ဝန်ကြီးဌာနတွေက တင်ဒါခေါ်မယ် ဆိုတာမျိုးကို ကြိုပြီးတော့ ကြေညာထားနိုင်ရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် အရမ်းကောင်းပါတယ်။ အခု အဲလိုမျိုးမဟုတ်ဘဲနဲ့ ဘယ်ပရောဂျက်ဖြစ်ဖြစ်ပေါ့လေ တင်ဒါခေါ်တော့မယ်ဆိုမှ တပတ်လောက်ကျမှ သတင်းစာထဲမှာ ဖုတ်လူးပြာလူး တွေ့လိုက်ရတယ်။ တွေ့လိုက်ပြီးတော့ ကျနော်တို့က စာရွက် ၂ ရွက်လောက်ကိုလည်း နှစ်သိန်း၊ သုံးသိန်း ပေးပြီးတော့ဝယ်။ ၀ယ်ပြီးတော့မှ တပတ်လောက် အချိန်အတွင်းက ဟဲဗီးပရောဂျက်က အချိန်တော်တော်ကြီးကို မရပါဘူး။ ကျနော်တို့ နမူနာ တံတားပဲဆိုပါစို့။ ခုံးကျော်တံတားတွေဆိုရင် ကျနော်တို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက်ဆိုရင် ကျနော်တို့က ဒီဟာတွေအတွက် Detail ဒီဇိုင်းတွေ လိုပါတယ်။ နောက် တွက်ချက်မှုတွေ လိုပါတယ်။ အများပိုင်ကုမ္ပဏီပဲဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီပဲဖြစ်ဖြစ် ဒေတာမပြည့်စုံဘူးဆိုရင် ကျနော်တို့က ဒီဒေတာတွေ ပြည့်စုံဖို့အတွက် အများကြီး ကြိုးစားစုံစမ်း၊ ငွေကုန်ကြေးကျတွေ အများကြီး ကုန်ပါတယ်။ ပြီးတော့မှ ကျနော်တို့က ရက်တိုလေးအတွင်းမှာ ပြင်ဆင်ပြီးတော့ ယှဉ်ပြိုင်ရတဲ့အတွက် အောင်မြင်နိုင်ခြေ နည်းတာပေါ့။ ပြည့်ပြည့်စုံစုံ မသိရတာတွေက အားနည်းချက်တွေပဲ။” ကန်ထရိုက်စနစ်တွေမှာပေါ့နော် အစိုးရနဲ့ လုပ်ငန်းရှင်နဲ့ တွဲပြီး လုပ်တဲ့နေရာမှာ အခု ကောက်နုတ်ချက်ပေါ့နော် Rules တွေ ထွက်လာတဲ့အခြေအနေက ကျနော်တို့ တနှစ်ကျော်မှ သိရတယ်။ ဒါပေမယ့် အခု ဒီဘက်အစိုးရအထိ အသက်ဝင်နေသေးတယ်ပေါ့နော်။ ဒီ Rules တွေက လက်တွေ့လုပ်ငန်းခွင်မှာကော လက်တွေ့ကျပါ့မလား။ ဘာတွေ ဖြုတ်သင့်ပြင်သင့်တာတွေ ရှိမလဲ။ “ကောင်းတာကတော့လေ အစိုးရသစ်လက်ထက်မှာ Rules တွေ ပြင်ဖို့ဆိုတာ ဒီ Rules တခုတည်း မဟုတ်ဘူးပေါ့နော်။ အများကြီးရှိပါတယ်။ ဟိုတုန်းက အသက်မ၀င်တော့တဲ့ Rules တွေလည်း အများကြီးပါ။ နောက်ပြီးတော့ အသက်မ၀င်တာတွေ၊ ၀င်တာတွေကိုလည်း လုပ်ငန်းရှင်တွေက မသိသေးတာတွေ အများကြီးရှိပါတယ်။ ကောင်းတာကတော့ Rules အသစ်တခုကို ဆွဲတော့မယ်ဆိုရင် အစိုးရဌာနဆိုင်ရာက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရော၊ လက်ရှိလုပ်နေတဲ့ လုပ်ငန်းရှင်တွေရော၊ အသင်းအဖွဲ့အစည်းတွေရော ပတ်သက်ရာ ပတ်သက်ကြောင်းပေါ့၊ တကယ်တာဝန်ရှိတဲ့ အသင်းတွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါ တေ့တေ့ဆိုင်ဆိုင် စားပွဲဝိုင်းထိုင်ပြီးတော့မှ လက်ရှိဖြစ်ပျက်နေတဲ့ အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းစုံစမ်းပြီးတော့မှ ဒီဥပဒေတွေ ရေးဆွဲတာတော့ အကောင်းဆုံးပေါ့။ အမြန်ဆုံး အထိရောက်ဆုံး ဖြစ်မှာပါ။” နောက်တချက် ဆက်စပ်ပြီး မေးချင်တာက အခု ဦးအေးလွင်တို့ဆိုလည်း ဆောက်လုပ်ရေးလောက်မှာ လုပ်ကိုင်လာတာ နှစ်ပေါင်း ဆယ်စုနှစ် ချီနေပါပြီ။ အဲတော့ အစိုးရပရောဂျက်တွေမှာပေါ့နော် လက်ရှိဆိုရင် ခုံးကျော်တံတား ဒီမှာ သုံးလေးစင်း ဖြစ်နေပြီပေါ့နော်။ ဒါပေမယ့် ခုံးကျော်တံတားတွေ ပြန်ပြီးတော့ ပြင်ပလုပ်ငန်းရှင်တွေနဲ့ တွဲပြီးတော့ ပရောဂျက်တွေပေးတယ်။ ဒါပေမယ့် အရည်သွေးပိုင်းဆိုင်ရာက ဒုတိယ၊ ပထမက ဘာလဲဆိုတော့ ငွေရေးကြေးရေး ကွာဟမှုတွေ တွေ့ရတာပေါ့နော် စစ်တဲ့နေရာမှာ။ အစိုးရပရောဂျက်တွေမှာ ဘယ်လိုလုပ်ငန်းရှင်မျိုးကို ကန်ထရိုက်ပေးသင့်လဲ၊ ဘယ်သူကရသင့်လဲ၊ အဲဒီအပေါ်မှာကော ဘာမှတ်ချက်ပေးချင်လဲ။ “တကယ်တမ်းတော့ ကျနော်တို့ နှစ်ဘက်ရှိတာပေါ့။ ပထမပိုင်းကတော့ အစိုးရပိုင်းပေါ့။ ဒုတိယပိုင်းကတော့ ကန်ထရိုက်ပိုင်းပေါ့။ အစိုးရပိုင်းကျတော့ တင်ဒါပေးတဲ့အပိုင်းမှာ ကျနော့်အမြင်ပေါ့။ ဒီမူဝါဒပိုင်းဆိုင်ရာကို ပြတ်ပြတ်သားသား လုပ်ထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တင်ဒါခေါ်လိုက်တဲ့အခါမှာ ဘတ်ချက်အရနည်းတဲ့ဟာတွေရှိတယ်၊ များတဲ့ဟာတွေရှိတယ် ဆိုပြီးတော့။ များတဲ့ဟာပဲဖြစ်ဖြစ် နည်းတဲ့ဟာပဲဖြစ်ဖြစ် တင်ဒါတခု ခေါ်လိုက်တဲ့အခါမှာ တကယ်ကို ပေးနေကျပေါ့နော် ကိုယ်နဲ့အလွမ်းသင့်တဲ့ ကုမ္ပဏီမျိုး၊ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီမျိုးကို ပေးတာမျိုး မဟုတ်ဘဲနဲ့ တင်ဒါစည်းမျဉ်းစည်းကမ်းအရကော၊ လုပ်ထုံးလုပ်နည်းအရကော ဒီကောက်နုတ်ချက်ထဲမှာ တကယ်ပါတဲ့ဟာတွေ အတိုင်းကို သေသေချာချာ စိစစ်ပြီးတော့မှ တင်ဒါပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ တချို့လုပ်ငန်းကြီးတွေကျတော့ ကုမ္ပဏီကြီးတွေက ရလိုက်ပြီး ကုမ္ပဏီကြီးတွေက မလုပ်ဘဲနဲ့ ဆပ်ကွန်းလေးတွေ ပြန်ပြန်ပေးတာ ရှိပါတယ်။ ဆပ် ကန်ထရိုက်ခေါ်တာပေါ့။ ဆပ်ကန်ထရိုက်လေးတွေက တချို့ဆိုရင် တဆင့်တည်းနဲ့ ပြီးတာပေါ့။ တချို့ဆို နှစ်ဆင့်သုံးဆင့် ဖြစ်သွားတာ ရှိပါတယ်။ "ဥပမာအားဖြင့်ပေါ့ ဘတ်ဂျက်က သန်း ၁၀၀ ဆိုရင် သိန်း ၁၀၀၀ ပေါ့။ သိန်း ၁၀၀၀ ဆိုရင် တကယ်လုပ်ရတဲ့ ကန်ထရိုက်က Third Contract လောက် ဖြစ်သွားရင် ၆၀၀ လောက်ပဲ ကျန်တော့တာပေါ့။ အဲလိုမျိုးကျန်တဲ့အခါမှာ ဒီပရောဂျက်ပေါ်မှာရှိတဲ့ လုပ်ငန်းပမာဏမှာပေါ့ ကွာလတီတွေကလည်း ကျကုန်တာပေါ့။ ကွာလတီ ကျကုန်တာ၊ မကျကုန်တာဆိုတာလည်း တကယ်နားလည်တဲ့ သူတွေပဲ သိတာပေါ့။ အဲလို နားလည်တဲ့သူတွေပဲ သိတယ် ဆိုပြန်တော့လည်း အဲဒီကွာလတီကို သေချာလိုက်စစ်ဆေးတဲ့အပိုင်းမှာ တကယ်စစ်တာလား၊ မစစ်ဘူးလား၊ ဘယ်လိုလူက တာဝန်ယူပြီး စစ်နေတာလဲ၊ ဘယ်သူကစစ်ပြီး ဘယ်လို Pass ဖြစ်သွားတာလဲဆိုတာကို ပြည်သူလူထုကို သေသေချာချာ အခုထိ ဘယ်သူမှ မပြောနိုင်ပါဘူး။ ကွာလတီ ကောင်းခြင်း မကောင်းခြင်းဆိုတာကိုလည်း ဒီလိုမျိုး စစ်ဆေးတဲ့အဖွဲ့ တရားဝင်အစိုးရကနေပြီးတော့မှ ထားသင့်ပါတယ်။ အစိုးရက မထားရင်လည်း အပြင်ပုဂ္ဂလိကကနေပြီးတော့မှ တင်ဒါပရောဂျက်တွေကို သေသေချာချာ တိတိကျကျ လိုက်စစ်တဲ့ အဖွဲ့အစည်းတခုက လိုကိုလိုပါတယ်။ သမာသမတ်ကျတဲ့ ကျူစီအဖွဲ့အစည်းက စစ်မှသာလျှင် မှန်မှန်ကန်ကန်ဖြစ်မှာပါ။ အဲလိုမှ မဟုတ်ဘဲနဲ့ ကျူစီအဖွဲ့ကလည်း ကိုယ့်ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့နဲ့ နားလည်မှုယူပြီး စစ်လိုက်တယ်ဆိုရင်တော့ နိုင်ငံတော်ပိုင် ပရောဂျက်တွေမှာ ဘယ်တော့မှ ကွာလတီလည်း ကောင်းလာမှာ မဟုတ်ပါဘူး။ ဒါကတော့ အစိုးရပိုင်းနဲ့ ကန်ထရိုက်တာပိုင်းတွေက နှစ်ဦးနှစ်ဘက် ဒီမူဝါဒအတိုင်းကို တိတိကျကျ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါ။ နောက် ကန်ထရိုက်တွေမှာလည်း တင်ဒါကြီးကို ကျနော်တို့က သူများနိုင်ငံတွေမှာဆိုရင် နမူနာရှိတာပေါ့နော်။ ကိုယ့်ရဲ့ ဘိုင်အိုဂရပ်ဖီ အကုန်တင်ရတယ်၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ အကုန်တင်ရတယ်၊ ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ တနှစ်ရဲ့ လည်ပတ်ငွေ ဘယ်လောက်ရှိတယ်၊ ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ မူတည်ပြီးတော့မှ ကန်ထရိုက်တာ လိုင်စင်တွေမှာ အဆင့်အဆင့်တွေ ခွဲထားပြီးသားပါ။ သန်း ၁၀၀၀ အထက်ဆိုရင် ကန်ထရိုက်တာလိုင်စင် ဆိုကြပါစို့ C1 ပေါ့။ သူက ဆွဲခွင့်ရှိတယ်။ သန်း ၁၀၀၀ အောက်ဆိုရင် C2 က ဆွဲခွင့်ရှိတယ်။ သန်း ၅၀၀ အောက်ဆိုရင် C3 က ဆွဲခွင့်ရှိတယ်။ ကန်ထရိုက်တာလိုင်စင်ရဲ့ အဆင့်လေးတွေ ခွဲပြီးတော့ ကန်ထရိုက်တာလိုင်စင်ကိုလည်း သေသေချာချာ စိစစ်ပြီးတော့ လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။” ကန်ထရိုက်တွေမှာ ၀န်ကြီးဌာနတွေကို လုပ်ငန်းလုပ်ပိုင်ခွင့်ရဖို့ ချဉ်းကပ်တဲ့အခါမှာ လာဘ်ပေးရတာကလည်း အဓိကကျတယ်လို့ ဝေဖန်မှုတွေ ကျနော်တို့ ကြားနေရတယ်။ ဒီဘက် အစိုးရသစ်မှာ ကျနော်တို့ ဒီမိုကရေစီကို တိုက်ပွဲဝင်ခဲ့တဲ့ အစိုးရလည်း ဖြစ်ခဲ့တော့ ဒီဘက်ခေတ်မှာကော ဒါမျိုးတွေ ဆက်ပြီးရှိသင့်မရှိသင့် ဘယ်လိုမျိုးမြင်ပါသလဲ။ “ကျနော်တို့ကလည်း အရင်တုန်းကလည်း ကျနော်ကိုယ်တိုင်ကလည်း ဌာနဆိုင်ရာ ကန်ထရိုက် သိပ်မလုပ်ဘူးပေါ့။ ကျနော်က အပြင် ကလိုင်းယန့်စ်က လုပ်တာပေါ့။ ဒါပေမယ့် ကျနော့်မိတ်ဆွေ တော်တော်များများကတော့ လုပ်ပါတယ်။ လုပ်တဲ့နေရာမှာ လာဘ်ပေးလာဘ်ယူဆိုတာထက် သြကာသခန်းတွေ၊ ကန်တော့ရတဲ့ အခန်းတွေ အများကြီးပါ။ ဒီအလုပ်ရဖို့တင် မဟုတ်ဘဲနဲ့ နောက်ဆုံး စစ်တာဆေးတာတွေကိုပါ အဆင်ပြေအောင် လုပ်ရတဲ့အပိုင်းတွေ၊ ငွေရေးကြေးရေး ထုတ်တဲ့အခါမှာလည်း အဆင်ပြေအောင်လုပ်ရတဲ့ အပိုင်းတွေ၊ အဲဒါမျိုးတွေကတော့ လုပ်ငန်းရှင်တွေက စိတ်ညစ်ညူးခြင်းများစွာနဲ့ တော်တော်ရင်းခဲ့ကြရပြီးမှ ဒီပရောဂျက်တွေက ပြီးခဲ့ရတာပါ။ လာဘ်ပေးလာဘ်ယူ ဆိုတာကြီးက ပြည်သူက ရွေးချယ်လိုက်တဲ့ အခုအစိုးရသစ် လက်ထက်မှာတော့ မရှိလေကောင်းလေပေါ့။ ဒါမျိုးတွေမရှိဘဲနဲ့ ကန်ထရိုက်တာ ပေါက်စလေးတွေ တချို့ အဆင်မပြေတဲ့ဟာတွေ အများကြီးပါ။ ငွေရေးကြေးရေးလည်း မတတ်နိုင်ဘူး။ လုပ်ငန်းကျွမ်းကျင်တယ်။ အဲဒါမျိုးတွေဆိုရင် အစိုးရက ငွေရေးကြေးရေးကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ထောက်ပံ့ပေးမယ်၊ လုပ်ငန်းကိုင်ငန်းတွေလည်း မှန်မှန်ကန်ကန်နဲ့ လာဘ်ယူတဲ့ကိစ္စတွေကို ပယ်ရှားပြီးတော့ ကွာလတီကောင်းကောင်းနဲ့ ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့ ဖြစ်တဲ့ ကန်ထရိုက်တာလေးတွေကို မြေတောင်မြှောက်ပေးဖို့ လိုပါတယ်။” စောစောက ပြောခဲ့သလိုပေါ့ တကယ်လုပ်ငန်းမလုပ်ဘဲနဲ့ ဆပ်ကန်ထရိုက် ပေးတာတွေရှိတယ်။ နောက်တခုက ကျနော်တို့ သိသလောက်ပေါ့နော်၊ ဆောက်လုပ်ရေးလောကထဲမှာ ငွေဖြူ၊ငွေမည်း စီးဝင်မှုတွေ ရှိနေတယ်။ ဒီ့အတွက်ကော ဒါတွေကို ချေဖျက်နိုင်ဖို့ ဘယ်လိုမျိုး လုပ်ဆောင်သင့်ပါလဲ။ “ချေဖျက်နိုင်ဖို့ ဆိုတာကလည်း ကန်ထရိုက်တာ လိုင်စင်တွေကို သေသေချာချာ စိစစ်သင့်တယ်။ ပိုက်ဆံ သိန်း ၅၀၀ တင်နိုင်တိုင်း ကန်ထရိုက်လိုင်စင် ပေးလိုက်တာမျိုး မဟုတ်ဘဲ ဆောက်လုပ်ရေးဆိုလည်း ဆောက်လုပ်ရေးကန်ထရိုက်ပေါ့၊ အဆောက်အဦဆိုလည်း အဆောက်အဦ၊ လမ်းဆိုလည်း လမ်းပေါ့။ တကယ်အတွေ့အကြုံရှိပြီး သူ့ရဲ့ History ကောင်းခဲ့တဲ့၊ ဘိုင်အိုဂရပ်ဖီ ကောင်းခဲ့တဲ့ လူတွေကို သေချာရွေးချယ် စိစစ်ပြီးတော့မှ နိုင်ငံတော်ပိုင်းကကော ဆိုင်ရာဆိုင်ရာ အသင်းအဖွဲ့တွေကကော အကုန်သိပါတယ်။ အင်ဂျင်နီယာအသင်းတို့၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းတို့ကလည်း ဘယ်သူဌေးသည် ဘယ်လိုဟာတွေ လုပ်နိုင်တယ်၊ ဘယ်ကုမ္ပဏီသည် ဘယ်လိုသင်္ကေတရှိတယ်၊ ဘယ်အဆင့်မှာ ရှိတယ်ဆိုတာ အကုန်သိပါတယ်။ အဲလိုမျိုး သိတယ်ဆိုတဲ့အတွက်ကို အဲလိုမျိုး အဖွဲ့အစည်းတွေ အကုန်လုံး ပေါင်းပြီးတော့ အစိုးရ ဌာနဆိုင်ရာ ၀န်ကြီးအဖွဲ့တွေရယ်၊ အသင်းအဖွဲ့အစည်းတွေရယ် ပေါင်းပြီးတော့ ဆောက်လုပ်ရေး ကန်ထရိုက်တာလိုင်စင်ကို သတ်သတ်မှတ်မှတ်နဲ့ တည်တည်တံ့တံ့ဖြစ်အောင် မှန်မှန်ကန်ကန် စိစစ်ရွေးချယ်ပြီးတော့မှ လိုင်စင်သတ်မှတ်ချက် ပေးထားမယ်ဆိုရင်တော့ ငွေဖြူပြချင်လို့ ၀င်လာတာမျိုးတို့၊ ကိုယ့်လုပ်ငန်းမဟုတ်ဘဲ ဒီ Field ထဲကို ၀င်လာတာမျိုးတို့ အော်တိုမက်တစ် တားဆီးပြီးသား ဖြစ်သွားမှာပါ။” နောက်တချက်က ဆောက်လုပ်ရေးလောကသားတွေ အဓိက ဆက်ဆံရတာ စည်ပင်ရှိမယ်၊ အိုးအိမ်တို့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေ ရှိမယ်။ အဓိက စည်ပင်သာယာနဲ့ ဆက်ဆံတဲ့နေရာမှာ အဓိက ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရလဲ၊ စည်ပင်အနေနဲ့ကော ဆောက်လုပ်ရေး လောကသားတွေအတွက် ဘာတွေပြုပြင်ပေးသင့်လဲ။ “အဓိကကတော့ ကျနော်တို့ ကန်ထရိုက်တာ အကုန်လုံးက စည်ပင်နဲ့ ဆက်ဆံရတဲ့အပိုင်းမှာ ပါမစ်ကျဖို့က စိတ်အညစ်ဆုံးပေါ့။ ဒါ လုပ်ငန်းရှင်တိုင်း ခံစားနေရတဲ့ဟာ။ တချို့ဟာတွေကျတော့လည်း စည်ပင်ဘက်က မြေယာပိုင်ဆိုင်မှုတွေ Clear ဖြစ်မှ နောက်လျှောက်လွှာကို ဆက်တင်လို့ရတယ်ဆိုတာ သူတို့ဘက်က မူအရကော၊ ဘောင်အရကော မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့က မြေယာကင်းရှင်းကြောင်း လက်မှတ်ရပြီးကာမှ အဆောက်အဦ တင်ရတယ်ဆိုရင် တချို့အိမ်ရှင်တွေကလည်း လောတာပေါ့နော်။ သူတို့က မြန်မြန်ဆောက်ချင်တယ်။ ဒီနေ့ပဲ ဒီဇိုင်းဆွဲပြီးတယ်၊ နောက်နေ့ပါမစ်တင်ချင်တယ်၊ နောက်တပတ်လောက် စချင်တယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။ စည်ပင်မှာ တချို့ဟာတွေက မလိုလားအပ်ဘဲနဲ့ ကြန့်ကြာတာတွေလည်း အများကြီးရှိသလို စည်ပင်သာယာမှာ ဟိုတုန်းက ဌာနမှူးတယောက် မြို့နယ်တွေလိုက်ပြီး ရှင်းဖူးပါတယ်။ သူရှင်းတဲ့ပွဲကို တက်ဖူးပါတယ်။ တလခွဲအတွင်း အပြီးပါမစ်ချပေးမယ်ပေါ့။ ဒါပေမယ့် တကယ် အကောင်အထည်ဖော်တဲ့နေရာမှာ ဖြစ်လာတာတွေရှိသလို မဖြစ်တာတွေလည်း အများကြီးရှိပါတယ်။ နောက် ငွေကုန်ကြေးကျ ခံနိုင်မှုတွေမှာဆိုရင် စည်ပင်သာယာ လုပ်ထုံးလုပ်နည်းတွေက သေသေချာချာစိစစ်ပြီး ပြန်ပြောင်းဖို့ လိုပါတယ်။ တချို့ နားမလည်တဲ့ အိမ်ရှင်တွေက ကျနော်တို့ ကုမ္ပဏီတွေကနေတဆင့် မဆက်သွယ်ဘဲနဲ့ သူတို့ကိုယ်တိုင်သွားတဲ့သူတွေဆို ပိုစိတ်ညစ်ရပါတယ်။ တချို့ဆိုရင် မနက်ကတည်းက ၀င်သွားလိုက်တာ ညနေအထိကို ရေဘူးတဘူးနဲ့ ထမင်းတောင် မစားလိုက်ရတဲ့သူတွေလည်း အများကြီးပါ။ ဘာလို့လဲဆိုတော့ ဒီလုပ်ထုံးလုပ်နည်း ပရိုစီဂျာတွေကို စာတွေနဲ့လည်း ကပ်ထားတယ်။ မိုက်တွေနဲ့လည်း ကြေညာတာတွေရှိတယ်။ ဒါပေမယ့် တကယ် အိမ်ရှင်တယောက်က ၀င်သွားတဲ့အခါမှာ ဒီပရိုစီဂျာတွေရဲ့ Step by Step သူတို့မသိဘူး။ မသိတဲ့အခါမှာ ၀န်ထမ်းတယောက်လောက်က မလာလို့ ခွင့်ယူလိုက်တာပဲဖြစ်ဖြစ်၊ နောက်ထပ်တခါ ချိန်းလိုက်တာပဲဖြစ်ဖြစ် ခဏခဏသွားရတဲ့ ဒုက္ခတွေကို သူတို့မခံစားနိုင်ဘူး။ မခံစားနိုင်တဲ့အခါမှာ သူတို့က ပရိုစီဂျာအတိုင်း မလုပ်တော့ဘဲနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ပွဲစားတွေ လိုက်ရှာတော့တာပေါ့။ ပွဲစားတွေ လိုက်ရှာတဲ့အခါကျတော့လည်း စည်ပင်မှာက ပွဲစားအ၀င်မခံတာတို့ ဘာတို့ ရှိပေမယ့် စည်ပင်ဌာနမှာပဲ လက်ရှိ အဆင်ပြေတယ်၊ ပြောလို့ဆိုလို့လည်းကောင်းတယ်၊ တိတိကျကျ မြန်မြန်ဆန်ဆန်လည်း လုပ်နိုင်တယ်၊ ဒီလိုလူမျိုးနဲ့သာ သူတို့က ဘယ်လောက်ကုန်ရကုန်ရ ငါ စည်ပင်ကို မသွားတော့ဘူး။ ဒီပါမစ်ရဖို့အရေးပဲ နင်တို့လုပ်တော့ဆိုပြီး သူတို့တောင်းသလောက် ပေးလိုက်ကြရတဲ့ ဘ၀တွေ ရောက်လာတာပေါ့နော်။" ဦးအေးလွင်အနေနဲ့ အခြားဖြည့်စွက် ပြောစရာရှိရင် ပြောပေးပါဦး။ “တခြားအနေနဲ့ကတော့ ဒီ တင်ဒါနဲ့ပတ်သက်လို့ ကောက်နုတ်ချက်ထွက်လာတာကို ဖေ့စ်ဘွတ်ခ်ထဲကနေတဆင့် သိလိုက်ရတဲ့အတွက် အရမ်းဝမ်းသာတယ်။ ဒီထဲက ကောက်နုတ်ချက်ထဲမှာဆိုရင် အထူးပြုပေါ့၊ လုပ်ငန်းတန်ဖိုး တင်ဒါကြေးလေးတွေလည်း ပါလာသလို EPC1, EPC2 ပေါ့နော်။ EPC 2 ဆိုတာ လုပ်ငန်းအပ်နှံသူက Drawing တွေကို ရေးဆွဲပြီး တင်ဒါယှဉ်ပြိုင် တင်သွင်းစေတယ် ဆိုတဲ့ဟာပေါ့။ EPC 2 စနစ်နဲ့ တင်ဒါခေါ်ရင် ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ သွက်လက်မြန်ဆန် အကျိုးရှိမယ်ဆိုတာ။ ဒါလေးတွေက တကယ်တမ်းဆို အရမ်းကောင်းပါတယ်။ ဘာလို့လဲဆိုတော့ တင်ဒါခေါ်ပြီ ဆိုကတည်းက တင်ဒါခေါ်တဲ့လုပ်ငန်းအတွက်ကို Specification Detail အကုန်ဆွဲပြီးကာမှ တင်ဒါပြိုင်စေချင်တဲ့ လူတွေကို ချပြလိုက်တာဆိုတဲ့အတွက် ဒါ ပရိုစီဂျာအမှန် ခေါ်ပါတယ်။ အခုကတော့ ဒါကြီးလုပ်မယ်လို့သာ ပြောလိုက်တာ၊ အဲဒီဟာနဲ့ ပတ်သက်တဲ့ ဒီဇိုင်းလည်း ကျနော်တို့ မသိရဘူး။ Detail ဘာမှလည်း မသိရတဲ့အတွက် ကျနော်တို့ရဲ့ တင်ဒါကြီးက အိပ်မက်ထဲက ယှဉ်ပြိုင်မှု တင်ဒါကြီး ဖြစ်နေပြီးတော့ ကျနော်တို့လည်း ငွေကုန်ကြေးကျ အရမ်းများပြီး အကျိုးလည်း မရှိဘူးပေါ့နော်၊ တကယ်ဆုံးရှုံးသွားတဲ့ သူတွေအတွက်က။ ဒါကြောင့်မို့လို့ ဒီလိုမျိုး တင်ဒါခေါ်ပြီဆိုရင် ကျနော်တို့က ခေါ်တဲ့လုပ်ငန်းပမာဏ၊ ငွေရေးကြေးရေးကအစ၊ ဒီဇိုင်းကအစ Detail ပေါ့နော်။ ဒါကြီးဆောက်မှာပါ၊ တင်ဒါပြိုင်ချင်တဲ့သူတွေ ဒါကိုတွက်ကြပါဆိုပြီး လုပ်တာတော့ ပိုကောင်းပါတယ်။ ဒါကြောင့်မို့ အဓိကကတော့ တင်ဒါတွေ အဆင်ပြေဖို့ဆိုတာ၊ ဆောက်လုပ်ရေးလုပ်ငန်း လောကကြီးလည်း အဆင်ပြေဖို့ဆိုတာ တစ်အချက် ပွင့်လင်းမြင်သာမှုပါ၊ နှစ်အချက်ကတော့ လက်သိပ်ထိုးပြီး လာဘ်စားတယ် ဆိုတာမျိုး မရှိလေ ကောင်းလေပါပဲ။ အဲဒါမျိုးလေးတွေ ပြင်သင့်တာတွေကို မြန်မြန်ဆန်ဆန် ပြင်မယ်ဆိုရင်တော့ ဒီအစိုးရလက်ထက်မှာလည်း အများကြီး ကောင်းလာမှာပါ။"
5 years Ago
Up