လက်ရှိ အမေရိကန်ခေါင်းဆောင်များ အရည်ချင်းမပြည့်ဝဟု ဒေါ်နယ်ထရမ့်ပြော

May 29, 2016

လက်ရှိ အမေရိကန်ခေါင်းဆောင်များ အရည်ချင်းမပြည့်ဝဟု ဒေါ်နယ်ထရမ့်ပြော

ရီပက်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က အမေရိကန် ပြည်ထောင်စုမှာ ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေဟာ အရည်အချင်း မပြည့်ဝသူတွေ ဖြစ်နေတယ်လို့ ကယ်လီဖိုးနီးယား ပြည်နယ် စည်းရုံးရေး ခရီးစဉ်မှာ ပြောပါတယ်။ လက်ရှိ သမ္မတ အိုဘားမား ခေါင်းဆောင်တဲ့ အစိုးရကိုယ်တိုင်က သူတို့ ဘာလုပ်လို့ လုပ်နေမှန်း သေချာမသိကြဘူးလို့ ထရမ့်က ဝေဖန်ပါတယ်။ သမ္မတ အိုဘားမားရဲ့ ဂျပန်နိုင်ငံ ဟီရိုရှီးမားခရီးစဉ်နဲ့ပတ်သက်လို့ ၀န်ချတောင်းပန်တာ မလုပ်ဘူးဆိုရင် ဘာမှ မပြဿ  နာ မရှိပါဘူးလို့ ထရမ့်က ဆိုပါတယ်။ သမ္မတ အိုဘားမားဟာ မေ ၂၇ ရက်နေ့က ဟီရိုရှီးမားကို သမိုင်းဝင် ခရီးသွားခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်က ပထမဆုံး အနုမြူဗုံးချခဲ့တဲ့ ဟီရိုရှိးမားမြို့ကို အရင်က တာဝန်ထမ်းဆဲ အမေရိကန် သမ္မတတွေ မသွားခဲ့ပါဘူး။ အိုဘားမားရဲ့ ခရီိးစဉ်ဟာ ဂျပန်နဲ့ အမေရိကန်တို့ကြားမှာ လေးနက်တဲ့ မဟာမိတ် ဆက်ဆံရေး ရှိတာကို ပြသဖို့ အမေရိကန်ဘက်က ရည်ရွယ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ  ရီပက်ဘလစ်ကန် ပါတီဘက်က သမ္မတလောင်းဖြစ်ဖို့ အတွက်လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက်ကို ရရှိထားပြီးပြီလို့ ရိုက်တာသတင်း တပုဒ်မှာဖော်ပြပါတယ်။ လွတ်လပ်တဲ့ ကိုယ်စားလှယ်တချို့က ဇူလိုင်လပါတီ ညီလာခံကျရင် ထရမ့်ကို မဲပေးမယ်လို့ ကတိပြုထားကြပြီးဖြစ်လို့ ပါတီရဲ့ သမ္မတလောင်း ဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ် ၁၂၃၇ ယောက်ကို ထရမ့်က ရရှိထားပြီးပြီလို့ သတင်းက ဆိုပါတယ်။ ညီလာခံ မတိုင်ခင်မှာတော့ ကယ်လီဖိုးနီးယား၊ မွန်တာနာ၊ နယူးဂျာစီ၊ နယူးမက္ကဆီကို၊ ဆောက် ဒါကိုတာ စတဲ့  နောက်ထပ် ပြည်နယ်ငါးခုမှာ  ကိုယ်စားလှယ်  ၃၀၃ ယောက်ကို ရွေးချယ်ဖို့ ရှိပါတယ်။
6 years Ago
Up