လက်မထပ်ခင်

January 21, 2018

လက်မထပ်ခင် နီးနီးကပ်ကပ်နေသည့်စုံတွဲ လူထုရှေ့ ကြာပွတ်ဖြင့်ရိုက် ဒဏ်ပေးခံရ

အင်ဒိုနီးရှားနိုင်ငံမှာ စုံတွဲတတွဲ လက်မထပ်ခင် ရက်ပိုင်းအလို နီးနီးကပ်ကပ်နေမိလို့ လူထုကြားထဲ အမျိုးသမီးနဲ့သူမရဲ့ ချစ်သူအမျိုးသားကို ကြာပွတ်နဲ့ရိုက်ပြီး အပြစ်ပေးခဲ့တယ်လို့ သိရပါတယ်။ အံ့သြဖွယ် လူကြားထဲ အပြစ်ပေးတာက အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ဘက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အာချေးဒေသမှာ ဖြစ်ပါတယ်။ ဒီလို နီးနီးကပ်ကပ်နေတာက ရှရီယာဥပဒေနဲ့ ဆန့်ကျင်တဲ့ လက်မထပ်ခင် အတူနေဖို့ ခြေလှမ်းလို့ အမြင်ခံရပြီး ဒါကြောင့် စုံတွဲကို လူစုလူဝေးကြားထဲ ကြိမ်ဒဏ် အချက် ၂၀ ရိုက်နှက်ခဲ့တာပါ။ စုံတွဲက ဗလီအပြင်ဘက် စင်မြင့်ရှေ့မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ အပြစ်ပေးခံရမယ့် အုပ်စုထဲက တတွဲဖြစ်ပြီး အင်ဒိုနီးရှား ခရစ်ယာန်ဘာသာဝင် တဦးလည်း ရှေးရိုးစွဲ အာချေးခရိုင်မှာ အရက်ရောင်းလို့ ကြာပွတ်နဲ့ ရိုက်နှက် ခံခဲ့ရပါတယ်။ အစ္စလာမ်ဥပဒေက အရက်ရောင်းဝယ်ဖောက်ကားတာကို တားမြစ်ထားပြီး ဂျိုနိုစင်ဘိုလွန်ဆိုတဲ့ အမျိုးသားက အောက်တိုဘာမှာ ဖမ်းခံခဲ့ရပြီး ကြိမ်ဒဏ် ၃၆ ချက် ပြစ်ဒဏ်ပေးခံခဲ့ရတာပါ။ စင်ဘိုလွန်က အစ္စလာမ်ဥပဒေကို အာချေးမှာ စတင်ကျင့်သုံးတဲ့ ၂၀၀၁  ခုနှစ်ကတည်းက လူထုကြားထဲ ကြိမ်ဒဏ်ပေးခံရတဲ့ တတိယမြောက် မွတ်စလင်လူမျိုး မဟုတ်သူလို့ သိရပါတယ်။ အာချေးမြို့တော်ဝန်က “ဒါက ကျနော်တို့အစိုးရရဲ့ အစ္စလာမ်ဥပဒေကို ကျင့်သုံးဖို့ ကတိကဝတ်ပြုမှုပဲ” လို့လည်း ပြောခဲ့ပါတယ်။ ရှရီယာရဲတွေက ဥပဒေချိုးဖောက်တာကို ချက်ချင်းတိုင်ရင် ကျနော်တို့က ဒီနေ့ ကြိမ်ဒဏ်အပြစ်ပေးသလိုမျိုး လုပ်မှာပါလို့ မြို့တော်ဝန်က ဆက်ပြောပါတယ်။ အာချေးဒေသရဲ့ ၉၈ ရာခိုင်နှုန်းဖြစ်တဲ့ လူဦး ၅ သန်းက မွတ်စလင်လူမျိုးတွေဖြစ်ပြီး ရှရီယာဥပဒေကို လိုက်နာကြရပါတယ်။ အာချေးဒေသမှာ လက်ထပ်တာရဲ့ အပြင်မှာရှိနေတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွေ ဒါမှမဟုတ် ဂေးတွေနဲ့လိင်ဆက်ဆံတာ အရက်သောက်တာနဲ့ လောင်းကစားအပါအဝင် ပြစ်မှုတွေကျူးလွန်သူတွေကို ကြိမ်ဒဏ်အပြစ်ပေးတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up