အိမ်နီးချင်း ဆီးရီးယားနိုင်ငံရဲ့ ပြည်တွင်းစစ်ဒဏ်ကို ရုန်းကန်ရင်ဆိုင်နေရတဲ့ လက်ဘနွန်နိုင်ငံအတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ယူရိုငွေ သန်း ၅၅၀ ထောက်ပံ့မယ်လို့ ပြင်သစ်အစိုးရက ဧပြီ ၆ ရက်နေ့မှာ ပြောပါတယ်။
ပြင်သစ်မြို့တော် ပါရီမှာကျင်းပတဲ့ ပါရီစီဒါ ညီလာခံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆိုးဆိုး ရွားရွား လိုအပ်နေတဲ့ လက်ဘနွန်အစိုးရကို အကူအညီဆိုင်ရာ ကတိပေးဖို့ နိုင်ငံတကာ အလှူရှင်တွေက ကြိုးစားနေတာပါ။
လက်ဘနွန် အစိုးရကတော့ အမေရိကန်ဒေါ်လာ ၁၆ ဘီလျံတန် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေအတွက် အထောက်အပံ့ရဖို့ မျှော်လင့်နေပါတယ်။
ကမ္ဘာ့ကြွေးမြီ အမြင့်ဆုံး တနိုင်ငံဖြစ်တဲ့ လက်ဘနွန်နိုင်ငံဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေး လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းနဲ့ လမ်းတွေ အပါအဝင် စီမံကိန်းတွေ တိုးလုပ်ဖို့ အမေရိကန်ဒေါ်လာ တဆယ်ဘီလျံဖိုး ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ပထမအဆင့်အတွက် အထောက်အပံ့ရဖို့ မျှော်လင့်ထားတာပါ။
ထောက်ပံ့မှု သုံးပုံတပုံကို ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆီက ရဖို့နဲ့ ကျန်ငွေကို ထောက်ပံ့ကြေးတွေ လျော့ပေါ့ပေးမှုတွေကနေရဖို့ မျှော်လင့်ထားပါတယ်။
ပါရီညီလာခံကို ဆော်ဒီအာရေဗျ၊ အမေရိကန်၊ ရုရှား၊ ကာတာ စတဲ့ နိုင်ငံတွေ အပါအဝင် နိုင်ငံပေါင်း ၅၀ က ကိုယ်စားလှယ်တွေနဲ့ အဖွဲ့အစည်းတွေ တက်ရောက်ပါတယ်။
3 years Ago