လက်ဖက်ရည်ဆိုင်

June 8, 2019

လက်ဖက်ရည်ဆိုင်အတွင်း အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သူများကို မြိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး

တနင်္သာရီတိုင်း မြိတ်မြို့မှာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ဓားခုတ်မှု ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီလောက်က အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားတာကြောင့် အောင်မြတ်ဦး၊ စိုးသူ(ခ)ငယ်လေးတွင် ကျော်စိုးမင်းနဲ့ ချစ်တိုးတိုးဖြိုးတို့ ပြတ်ရှဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖြစ်စဉ်အား မြို့မရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာ ဇွန် ၆ ရက်နေ့မှာ ရေပုန်းနယ်မြေတွင်းမှ အုပ်ပိုင်စိုး(ခ)နောင်ပိုး၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး ရဲမွန်ထွေး(ခ)ရဲရဲ၊ ဇော်ပိုင်လင်း နေမြတ်ဦး၊  ဇော်ပိုင် တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ၇ ရက်နေ့မှာ ပုဂံကြီးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ "ဓားခုတ်မှုမှာပါဝင်တဲ့ တရားခံတချို့ကို ဇွန်လ ၆ ရက်နေ့မှာ ပြစ်မှုကျူးလွန်တဲ့အချိန်က အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ၆ ယောက်မိတယ်။ ၇ ရက်နေ့မှာ ၁ ယောက် ထပ်မိတယ်။ လောလောဆယ် ၇ ယောက်မိထားတယ်။ ဒီနေ့ ရမာန်ယူပြီးရင် စစ်ဆေးပါမယ်။ ကျန်တဲ့တရားခံတွေကို ဖမ်းဆီးမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်" လို့ မြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။ ဓားခုတ်မှုကျူးလွန်သူတွေကို မြိတ်မြို့မရဲစခန်းက (ပ)၁၆၂၇/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၂၄ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
2 years Ago

February 20, 2017

ရန်ကုန်တီးဟောက်စ် ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းထဲပါဝင်

      ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရန်ကုန်တီးဟောက်စ်ဟာ စီအဲန်အဲန် သတင်းဌာနက ဖော်ပြတဲ့ ကမ္ဘာ့အကောင်းဆုံး လက်ဖက်ရည်ဆိုင် ၁၁ ဆိုင်စာရင်းထဲမှာ ပါဝင်လာခဲ့ ပါတယ်။     ကမ္ဘာအနှံ့အပြားမှ အကောင်းဆုံး လက်ဖက်ရည်ဆိုင်တွေနဲ့အတူ ပူးတွဲဖော်ပြ ထားတဲ့ ဒီစာရင်းမှာ ရန်ကုန်တီးဟောက်စ်ကို တတိယနေရာမှာ ဖော်ပြထားခဲ့တာပါ။     လမ်းမတွေပေါ်မှာ ပြန့်ကျဲနေတဲ့ ရောင်စုံပလတ်စတစ်ခုံတွေနဲ့ လက်ဖက်ရည်ဆိုင်တွေဟာ အလွယ်တကူမှတ်မိနိုင်စေတယ်လို့ ရည်ညွှန်းခဲ့ပြီး ရန်ကုန်တီးဟောက်စ်ကိုတော့ ပြည်တွင်း ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် တွေ့ဆုံနိုင်ဖို့ အကောင်းဆုံးနေရာတခုလို့ ဖော်ပြခဲ့တာပါ။     ဆိုင်မှာ ရရှိနိုင်တဲ့ လက်ဖက်ရည်၊ ရေနွေးကြမ်းအပြင် နာမည်ကျော်အစားအစာ တခုအဖြစ် အုန်းနို့ခေါက်ဆွဲကိုလည်း ဖော်ပြထားခဲ့တာပါ။     အကောင်းဆုံးဆိုင် ၁၁ ဆိုင်စာရင်းမှာ ပထမဆုံးဖော်ပြတဲ့ ဆိုင်ကတော့ တာဂျစ် ကစ္စတန်နိုင်ငံမှ Rokhat Dushanbe လို့အမည်ရတဲ့ ဆိုင်ဖြစ်ပါတယ်။     မြို့ရဲ့ လှပတဲ့ မြင်ကွင်းတွေကို လှမ်းမြင်နိုင်တဲ့ လက်ဖက်ရည်သောက်ဖို့ အ ကောင်းဆုံးနေရာတခုဖြစ်ပြီး နွားနို့များများနဲ့ ဖျော်ထားတဲ့ လက်ဖက်ရည်ရယ်၊  osh နဲ့ shashlik kebabs တို့လို ဒေသအစားအစာတွေနဲ့ တွဲဖက်သုံးဆောင်နိုင်တယ်လို့ ဖော်ပြ ထားတာပါ။     ဒုတိယမြောက် ဖော်ပြထားတဲ့ ဆိုင်ကတော့ အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်မှ တီး ဟောက်စ် ၂၇၈ ဖြစ်ပြီး ဆိုင်တွင်းမှာ ဇင်ဗုဒ္ဓဘာသာ အငွေ့အသက်တွေနဲ့ ကျောက်တုံးဥယျာဉ်တွေ၊ တရုတ်အနုပညာအလှဆင်ဖန်တီးထားမှုတွေကို တွေ့ရမှာဖြစ်တယ်လို့ ဆိုပါတယ်။     ဆိုင်မှာ ရောင်းချတဲ့ လက်ဖက်ရည်ဟာ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံတွေက မိသားစုပိုင် လက်ဖက်စိုက်ခင်းတွေက ဖြစ်ပြီး ငြိမ်သက်တိတ်ဆိတ်တဲ့ ၀န်းကျင်ထဲကို ရောက်ရှိသွား စေနိုင်မယ်လို့ ဖော်ပြပါတယ်။     လေ့လာမြည်းစမ်းချင်တဲ့ သူတွေအတွက် ဆိုင်တွေရဲ့ လိပ်စာတွေကို ထင်ရှားတဲ့ အစားအသောက်တွေနဲ့ အတူ ဖော်ပြထားခဲ့တာပါ။ ဓာတ်ပုံ - ရန်ကုန်တီးဟောက်စ်  
4 years Ago
Up