လက်ပ်တော့

January 11, 2017

လာ့စ်ဗေးဂတ်မြို့ ကွန်ပျူတာနည်းပညာပြပွဲတွင် မော်နီတာ ၃ ချပ်ပါ လက်ပ်တော့ ၂ လုံး အခိုးခံရ

အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗေးဂတ် (Las Vegas) မြို့မှာ ကျင်းပနေတဲ့ CES 2017 ကွန်ပျူတာနည်းပညာပြပွဲမှာ မော်နီတာ ၃ ချပ်ပါ နမူနာလက်ပ်တော့ပုံစံ ၂ လုံး အခိုးခံရတယ်လို့ ရေဇာ (Razer) ကွန်ပျူတာကုမ္ပဏီက ပြောပါတယ်။ အခုနှစ် CES နည်းပညာပြပွဲကြီးမှာ ပြသထားရင်း ဇန်နဝါရီ ၈ ရက်နေ့က ပျောက်ဆုံးသွားခဲ့ပြီး အခုလို အခိုးခံရတဲ့ကိစ္စကို ကုမ္ပဏီက အထူးအရေးထားတယ်လို့ ကုမ္ပဏီစီအီးအိုက ပြောပါတယ်။ လက်ပ်တော့မှာ တပ်ဆင်ထားတဲ့ မော်နီတာတွေအားလုံး 4K မော်နီတာတွေဖြစ်ကြပြီး ကမ္ဘာမှာ အခုလိုလက်ပ်တော့မျိုး ပထမဆုံး စမ်းသပ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီလက်ပ်တော့တွေကို ခိုးသွားတဲ့လူတွေကို ဖမ်းဆီးအရေးယူနိုင်ဖို့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၂ သောင်းခွဲ ချီးမြှင့်မယ်လို့လည်း ကုမ္ပဏီပြောခွင့်ရက ဆိုပါတယ်။ ဒီနမူနာပုံစံ လက်ပ်တော့တွေ ပေါ်ထွက်လာဖို့ ကုမ္ပဏီက လတွေနဲ့ချီ ပုံစံထုတ် အကောင်အထည်ဖော်ခဲ့ရတာလို့ စီအီးအို တန် (Tan) က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ဒီလက်ပ်တော့တွေကို ထုတ်လုပ်တဲ့ ရေဇာ နည်းပညာကုမ္ပဏီဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေစိုက်ပြီး စင်ကာပူ လူငယ်စီးပွားရေးလုပ်ငန်းရှင်တဦးက တည်ထောင်ထားတာ ဖြစ်ပါတယ်။
5 years Ago
Up