လက်ပံတောင်းကြေးနီစီမံကိန်း ဖျက်သိမ်းရေး

September 20, 2017

လက်ပံတောင်းကြေးနီစီမံကိန်းဆန့်ကျင်သည့် ဆိုင်းဘုတ်များ ဆည်တည်းရွာဝင်တွင် စိုက်ထူ

  စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ဆားလင်းကြီးမြို့နယ် ဆည်တည်းရွာ အဝင်တွေမှာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆိုင်းဘုတ်တွေနဲ့ ကင်းတဲတွေကို ရွာသားတွေက တည်ဆောက်ခဲ့ကြပါတယ်။ "အဓိကက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံကော်ကို လိုက်နာမှုမရှိတာ၊ စုံကော်မှာပါတဲ့ နစ်နာတဲ့ တောင်သူတွေအတွက် အစားထိုးမြေယာဧက ၁၉၀၀ ကို မဖော်ဆောင်တာ၊ စုံကော်အစီရင်ခံစာကို မလိုက်နာဘဲ လုပ်ငန်းလည်ပတ်နေတာ၊ နောက်ထပ် စီမံကိန်းနယ်မြေတွေ ချဲ့ထွင်ပြီး ခြံစည်းရိုးခတ်ဖို့လုပ်နေတာ ဒါတွေကြောင့် ဒီလို ဆိုင်းဘုတ်တွေစိုက်ထူတာပါ"လို့ ဆည်တည်းရွာ ဒေသခံတောင်သူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။ ရွာအဝင်တွေမှာ သတိအန္တရာယ်ရှိသည်။ ကျေးရွာအတွင်းဝင်ရောက်မည်ဆိုပါက စစ်ဆေးမှုခံယူပါ။ ဒေါ်အောင်ဆန်းစုကြည်၏ စုံကော်အစီရင်ခံစာကို မလိုက်နာတဲ့ ကြေးနီစီမံကိန်းအား လုံးဝ လက်မခံပါ။ အာဏာရူးများ၊ စစ်ခရိုနီများ သတိ၊ ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းနိုင်ရေးသည် အမျိုးသားရေးတာဝန်တရပ်ဖြစ်သည် စတဲ့ စာသားတွေရေးထားတဲ့ ဆိုင်းဘုတ်တွေကို ရွာဝင်ပေါက် ၄ နေရာနှင့် ကင်းတဲရှေ့တွေမှာ စိုက်ထူခဲ့ကြတာပါ။ ဆည်တည်းရွာအပြင် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးမယူထားတဲ့ တောင်သူအများစု ရှိရာ မိုးကြိုးပြင်၊ တုံ စတဲ့ကျေးရွာတွေမှာလည်း စိုက်ထူသွားမယ်လို့ သိရပါတယ်။ ဆည်တည်းကျေးရွာမှာတော့ ကြေးနီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းက ဒီနေ့ထိတိုင် ဖွင့်ထားဆဲဖြစ်ပါတယ်။ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ကို လိုက်နာမှုမရှိတာ၊ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အထွေထွေနစ်နာမှုတွေကို ကုမ္ပဏီက မဖြေရှင်းပေးသေးတာကြောင့် ဒေသခံတွေကတော့ ပုံစံအမျိုးမျိုးနဲ့ စီမံကိန်း စတင်ကတည်းက ကန့်ကွက်နေကြတာဖြစ်ပါတယ်။
4 years Ago

May 23, 2016

လက်ပံတောင်းကြေးနီစီမံကိန်းကို ဆန့်ကျင်လမ်းလျှောက်ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မှ လက်ပံတောင်း တောင်သို့ ချီတက်လမ်းလျှောက် ဆန္ဒပြ သူ ၂ ဦးကို စစ်ကိုင်းမြို့တွင်း ရွှေသမားဓမ္မာရုံအနီးမှာ မေလ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီခွဲခန့်က ရဲများက ဖမ်းဆီးသွားခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရတဲ့ရည်ရွယ်ချက်က ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း ဆောင်ရွက်ပေးဖို့ ဖြစ်ပြီး ဆန္ဒပြသူ ကိုဖိုးစနေနှင့် ကိုကျော်ဇင်တို့မှာ ရန်ကုန်ကနေ လက်ပံတောင်းတောင်သို့ ချီတက်လာတဲ့လမ်းတလျှောက်က မြို့တွေမှာ ရဲများက တားဆီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာ ရဲစခန်းအတွင်း အထိန်းသိမ်းခံနေရကြောင်းနဲ့ လက်ပံတောင်းတောင်နဲ့ပတ်သက်ပြီး မန္တလေးမှာလည်း သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း အစီအစဉ်ရှိတယ်လို့ ဖမ်းဆီးထိန်းသိမ်းခံနေရသူ ကိုဖိုးစနေက ပြောကြားပါတယ်။ ဆန္ဒထုတ်ဖော်သူ ၂ ဦးကို စစ်ကိုင်းမြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - ရန်နိုင်စိုး    
6 years Ago
Up