လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြ

September 14, 2017

လက်ပံတောင်းတောင် ဒေသခံများ ရေဆိုးမြောင်းကို ဖြိုဖျက်

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ကြေးနီစီမံကိန်းရဲ့ ရေဆိုးထုတ်မြောင်းကို တုံအုပ်စု၊ ဆည်တည်း စတဲ့ကျေးရွာတွေက ဒေသခံ ၅၀ ကျော်က စက်တင်ဘာလ ၁၃ ရက်နေ့ ညနေက စတင်  ဖြိုဖျက်နေကြပါတယ်။ ဒီရေဆိုးထုတ်မြောင်းက ဒေသခံတွေအတွက် ဆိုးကျိုးပဲ ဖြစ်လာမှာကြောင့် အခုလို ဖြိုဖျက်ရတာလို့  ဒေသခံရွာသားတဦးဖြစ်တဲ့  မစန္ဒာက ပြောပါတယ်။ “ကျမတို့ကို ပိုလျှံမြေအဖြစ် ပြန်စွန့်လွှတ်ပါပြီဆိုပြီး ဦးသိန်းစိန်လက်ထက်ကတည်းက လက်မှတ်ထိုးပြီး ပေးအပ်ခဲ့ပြီးပြီ။ အခုတခါ အဲဒီမြေပေါ်မှာ ရေဆိုးထုတ်မြောင်း လာလုပ်နေပြန်ပြီ။ စလုပ်ကတည်းက တားခဲ့တယ်။ ခိုးလုပ်တယ်။ ဒီရေဆိုးထုတ်မြောင်းက ဒေသခံတွေအတွက် ဘာကောင်းကျိုးမှ ဖြစ်မလာဘူး။ ဆိုးကျိုးပဲ ဖြစ်လာမှာကြောင့် အခုလို လုပ်ရတာပါ။ မနေ့ကလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လာကြည့်တယ်။ ဘာမှလည်း လုပ်ဆောင်ပေးမယ်လို့ ကတိမပေးသွားဘူး”လို့ ပြောပါတယ်။ အရှည်ခန့်မှန်း ၇ မိုင်ခန့်ရှိတဲ့ ရေဆိုးထုတ်မြောင်းကို လက်ရှိ ဖြိုဖျက်နေတာ ၂ရက်ရှိပြီဖြစ်ပြီး အရှည်ပေ ၁၅၀ နီးပါး ဖြိုပြီး ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ကျန်ရှိနေသေးတဲ့ မြောင်းဘောင်တွေကို နောက်နေ့တွေမှာ ဆက်လက်ဖြိုဖျက်သွားမယ်လို့ ဆိုပါတယ်။ ဒီမြောင်းဖြိုတာနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်ကရော ဌာနဆိုင်ရာဘက်ကပါ လာရောက်တားဆီးဟန့်တားတာ တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။
4 years Ago

August 23, 2017

လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြ

လက်ပံတောင်းတောင်ဒေသခံတွေစုပေါင်းပြီး အထွေထွေလိုအပ်ချက်၊ နစ်နာချက်တွေအတွက် ပုသိမ်-မုံရွာလမ်းဆုံ၊ ကြေးနီစီမံကိန်းအနီးမှာ  ဩဂုတ် ၂၃ ရက်နေ့ နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဒေသခံတွေရဲ့တောင်းဆိုချက်တွေကို အလေးမထားတာ၊ အစီရင်ခံစာပါ အချက်တွေကို အကောင်အထည်မဖော်တာ၊ မလေးစားတာ၊ အစားထိုးမြေယာဧက ၁၉၀၀ မဖော်ထုတ်ပေးသေးတာ၊ သီးနှံလျော်ကြေး၊ မြေယာလျော်ကြေးမရရှိသေးတာတွေအတွက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြပွဲမှာ ဒေသခံတွေက ကုမ္ပဏီရှေ့ထိသွားရောက်ပြီး တာဝန်ရှိသူနဲ့တွေ့ဆုံခွင့်ရရေးကို တောင်းဆိုဖို့ရည်ရွယ်ခဲ့ပေမယ့် လုံခြုံရေးရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးထားတာကြောင့် သွားရောက်ခွင့်မရခဲ့ပါဘူး။ ဆန္ဒပြပွဲမှာ 'လူသတ်မြေသိမ်းကြေးနီစီမံကိန်းအလိုမရှိ'၊ 'အစီရင်ခံစာမလိုက်နာသည့် စီမံကိန်းဖျက်သိမ်းရေး'၊ 'သဘာဝပတ်ဝန်းကျင်ပျက်စီးစေတဲ့စီမံကိန်း ဖျက်သိမ်းရေး'၊ 'သီးနှံနစ်နာကြေး အမြန်ဆုံးရရှိရေး' စတဲ့ကြွေးကြော်သံတွေနဲ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
4 years Ago
Up