လက်ပစ်ဗုံး

January 30, 2019

ဖိလစ်ပိုင်တွင် ဗလီတခုကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်၊ လူ ၂ ဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ဗလီတခုအတွင်းကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ လူ ၂၁ ဦးသေဆုံးတဲ့ ခရစ်ယာန်ဘုရားကျောင်းအတွင်း ဗုံးနှစ်လုံး ပေါက်ကွဲပြီး ၃ ရက်အကြာမှာ ဖြစ်ခဲ့တာပါ။ ဒီဖြစ်ရပ်ဟာ မင်ဒါနာအိုဒေသ ခရစ်ယာန်အများစု ကြီးစိုးရာ ဇန်ဘိုအန်ဂါမြို့မှာ သန်းခေါင်ယံကျော်ချိန် ဖြစ်ပွားခဲ့တာပါ။ ဇန်ဘိုအန်ဂါမြို့ကို မွတ်စလင်အများစုရှိရာ ဆူးလူးကျွန်းစုကနေ လှေစီးသွားရောက်နိုင်ပြီး အဲဒီနေရာက ခရစ်ယာန်ဘုရားကျောင်းဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။ သမ္မတ ဒူတာတေးက အဲဒီ ဘုရားကျောင်း တိုက်ခိုက်မှုဟာ အသေခံဗုံးခွဲမှု ဖြစ်နိုင်တယ်လို့ ရုပ်သံကနေ ပြောကြားပြီး နာရီပိုင်းအကြာမှာ ဗလီတိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဒေသတွင်း အထူးတပ်ဖွဲ့ တပ်မှူးက ဒါဟာ လက်တုံ့ပြန်တဲ့လုပ်ရပ် မဟုတ်ဘူးလို့ အလေးနက်ထား ပြောခဲ့ပါတယ်။
2 years Ago
Up