လက်နက်ချ အိုင်အက်စ်အဖွဲ့ဝင် အမေရိကန်နိုင်ငံသား၏ ဖွင့်ဟချက် (ရုပ်သံ)

A d v e r t i s e m e n t With Us

March 18, 2016

လက်နက်ချ အိုင်အက်စ်အဖွဲ့ဝင် အမေရိကန်နိုင်ငံသား၏ ဖွင့်ဟချက် (ရုပ်သံ)

အီရတ်နိုင်ငံမှာ ကာဒစ်ရှ်တပ်တွေက ဖမ်းမိတဲ့ အမေရိကန်နိုင်ငံသား အိုင်အက်စ် စစ်သွေးကြွတယောက်က အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ်အဖွဲ့ထဲကို ဘယ်လိုရောက်ခဲ့ပြီး ဘာကြောင့် ကာဒစ်ရှ်တပ်တွေဆီမှာ အညံ့ခံလိုက်တယ်ဆိုတာ ကာဒစ်ရှ် တရားရုံးမှာ ဖွင့်ပြောလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ် အမေရိကန် အမျိုးသားဟာ အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ပူးပေါင်းဖို့ တူရကီကတဆင့် ခရီးထွက်ခဲ့တယ်လို့ ကာဒစ်ရှ်ရုပ်သံနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောပါတယ်။ သူဟာ အီရတ်မြောက်ပိုင်း ဂိုလတ်ရွာနားမှာ အဝိုင်းခံရအပြီး လက်နက်ချခဲ့တာလို့ ကာဒစ်ရှ် ပြည်သူ့စစ်အရာရှိတွေက ပြောပါတယ်။ သူ့မှာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်က ယာဉ်မောင်းလိုင်စင်ရှိပြီး လိုင်စင်ပါနာမည် မိုဟာမဒ် ဂျမယ်လ် ဖြစ်ပါတယ်။ မိုဆူးလ်က အိမ်တလုံးမှာ နိုင်ငံခြားသား တပ်ဖွဲ့ဝင်သစ်တွေ အယောက် ၇၀ လောက်နဲ့ အတူနေရပြီး အားလုံးရဲ့ နိုင်ငံကူးလက်မှတ်တွေကို အိုင်အက်စ်တွေက သိမ်းယူခဲ့တယ်လို့ သူက ပြောပါတယ်။ အုပ်စုထဲမှာ ပါတဲ့လူတွေက ရုရှား၊ ဥဇဘက်၊ အီဂျစ်၊ ပါကစ္စတန်နဲ့ မော်ရိုကို နိုင်ငံသားတွေ ဖြစ်ပြီး သူတယောက်သာ အမေရိကန် ဖြစ်တယ်လို့ ဆိုပါတယ်။ မိုဆူးလ်မှာနေရတာ သိပ်တင်းကျပ်ပြီး နေထိုင်ဖို့ သိပ်ကိုခက်တယ်၊ ဒါကြောင့် မိုဆူးလ်ကနေ တယ်လ်အဖာကို သူငယ်ချင်းတယောက်ရဲ့ အကူအညီနဲ့ ထွက်ပြေးလာခဲ့တယ်၊ ကာဒစ်ရှ်တွေက အမေရိကန်တွေနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတာ သိလို့ ကာဒစ်ရှ်တွေနဲ့ တွေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ၂၀၁၁ ခုနှစ်က စပြီး အိုင်အက်စ်တွေနဲ့ အတူတိုက်ဖို့ ကြိုးစားပူးပေါင်းခဲ့တဲ့ အမေရိကန်နိုင်ငံသား အယောက် ၂၅၀ ကျော်တယ်လို့ ၂၀၁၅ စက်တင်ဘာလက အောက်လွှတ်တော် လုပ်ငန်းကော်မတီက အစီရင်ခံပါတယ်။ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက အမျိုးသားနဲ့ အမျိုးသမီး အနည်းဆုံး အယောက် ၈၀ လောက်ကို အိုင်အက်စ်နဲ့ ဆက်သွယ်မှုအတွက် တရားစွဲခဲ့ပြီး ၂၇ ဦးကိုတော့ ပြစ်ဒဏ်စီရင်ပြီး ဖြစ်ပါတယ်။
5 years Ago
Up