လက်နက်ကိုင်ပဋိပက္ခ

August 13, 2018

ဇူလိုင်လအတွင်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း မြင့်တက်လာ

၂၀၁၈ ဇူလိုင်လအတွင်း  မြန်မာပြည်တဝန်း တိုက်ပွဲ  ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇွန်လထက်စာရင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားမှုနှုန်း မြင့်တက်ခဲ့တယ်လို့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS)အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်ရေး အချက်အလက်တွေအရ ဇူလိုင်လထဲမှာ  တပ်မတော်က ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အေ)ရဲ့ အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခဲ့ပြီး၊ ကေအိုင်အေကလည်း တပ်မတော် စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ  မြန်မာတပ်မတော်နဲ့ ရှမ်းပြည်ပြန်လည် ထူထာင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (RCSS/SSA ) တို့အကြား နယ်မြေ ထိန်းချုပ်မှုဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်မှာလည်း တီအန်အယ်လ်အေ တအာင်းပလောင်တပ်ဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSPP/SSA)၊ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(RCSS/SSA)တို့ အကြားတိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လထဲမှာတော့  နိုင်ငံတဝန်း တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဇူလိုင်လမှာတော့ ၂၉ ကြိမ် ဖြစ်ပွားတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ် ပိုမို တိုးလာတာဖြစ်ပါတယ်။ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ လုံခြုံရေးဆိုင်ရာ အသွင်ကူးပြောင်းမှုတွေကို ပံ့ပိုးကူညီပေးဖို့ ဖွဲ့စည်းထားတဲ့ Myanmar Institute for Peace and Security (MIPS) အန်ဂျီအိုအဖွဲ့ဟာ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုနှုန်းတွေကို လစဉ် ပုံမှန်ပြုစု ထုတ်ဝေပေးနေတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-MIPS
3 years Ago

December 6, 2016

လက်နက်ကိုင်ပဋိပက္ခနှင့် အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ် တောင်ကြီးမြို့ Royal Taung Gyi Hotel မှာ လက်နက်ကိုင် ပဋိပက္ခနဲ့ အမျိုးသမီးများအပေါ် လူမှုစီးပွားသက်ရောက်မှု ဆွေးနွေးပွဲကို Internews က ဦးဆောင်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ အရပ်ဖက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ ဒေသခံ မီဒီယာတို့ နှစ်ဖက်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နမ္မတူဒေသ စစ်ရှောင်စခန်းမှာ စစ်ရှောင်ကလေးငယ်တွေကို စာသင်ပေးနေတဲ့ မနန်းနွံဖောင်းဟွမ် က “စစ်ဖြစ်လို့ပြေးတဲ့အထဲမှာ မိန်းကလေးတွေနဲ့ ကလေးတွေပဲ များတယ်။ အမျိုးသားတွေက ဖမ်းခံရတာ ရှိတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ရတာရှိတယ်။ အခု စစ်ရှောင်စခန်းက အမျိုးသမီးတွေ အများစုက ပုလဲပုတီးထိုးတာတွေ ချည်ထိုးတာတွေ စတဲ့ လက်မှုပညာတွေလည်း သင်ချင်နေကြ တယ်။ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့တော့ အရောက်လာပြီး မေးမြန်းဖော်ပြပေးတာ နည်းတယ်”လို့ ပြောပါတယ်။ “လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေအတွက် ကျွန်တော်တို့ နိုင်ငံမှာ စစ်ရှောင်စခန်းနဲ့ ပတ်သက်တဲ့ ဥပဒေ မူဝါဒ မရှိဘူး။ လူကယ်ပြန်တော့ ရှိတယ်။ ရှိပေမယ့်လည်း အလုပ်တွေက များနေတော့ လူမှုရေးသမားတွေနဲ့ ပေါင်းလုပ်ပေးနေရတယ်။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ဘာဖြစ်ဖြစ် အလှူခံနေရတာ ကြာတော့ ငြီးငွေ့မှု ဖြစ်လာတယ်။ ဒါကြောင့် အပစ်အခတ်ရပ်ပေးပါလို့ နှစ်ဖက် လက်နက်ကိုင်တွေကို တောင်းဆို ပါတယ်”လို့ ရှမ်းပြည်နယ် ငြိမ်းချမ်းရေးအလုပ်အဖွဲ့ ဒါရိုက်တာ ကိုဝင့်ထယ်ကောင်းမြတ်က ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရှမ်းပြည်နယ်အပြင် အခြားပြည်နယ်အချို့က အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများနဲ့ တောင်ကြီးမြို့ မီဒီယာများ၊ Internews က ပြုလုပ်ပေးတဲ့ အမျိုးသမီး မီဒီယာနဲ့ ငြိမ်းချမ်းရေးနဲ့ သတင်းသင်တန်းဆင်း သတင်းထောက်များ တက်ရောက်ခဲ့ပါတယ်။ သတင်း - မင်းရဲစစ်နိုင်
5 years Ago
Up