လက်နက်ကိုင်

December 21, 2018

အမည်မသိ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲ ၁ ဦး သေဆုံး

မြန်​မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး လုံခြုံရေးဆောင်ရွက်တဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်သားတဦး သေဆုံးသွားပါတယ်။ ဒီဇင်​ဘာ ၁၉ ရက်​​​ နေ့လယ်​က နယ်​စပ်​ခြံစည်းရိုး အပြင်​ဘက်​ကနေ လက်နက်ကိုင်အဖွဲ့တဖွဲ့ နေရာယူ ပစ်​ခတ်​ခဲ့တဲ့ ​တောင်​ကုန်းရဲ့ ​တောင်​ဘက်​ ကိုက်​ ၁၀၀ လောက်အကွာမှာ ရဲတပ်​သားတဦး ပက်​လက်​အ​နေအထားနဲ့ သေဆုံး​နေတာကို ​တွေ့ရှိ​ကြောင်း ​နယ်မြေ ၂ စခန်း တာဝန်​ရှိသူတ​ဦးက ဒီဗွီဘီကို အတည်​ပြု​ပြောပါတယ်​။ "​သေဆုံး​နေတဲ့ အ​နေအထားက ဘယ်​ဘက်​​ပေါင်​ရင်းကျိုး၊ ဘယ်​လက်​​မောင်း၊ ရင်​အုပ်​မှန်​ဒဏ်​ရာ၊ ဘယ်​မျက်​လုံး​အောက်​ နှာခေါင်းရင်း​ ဖောက်ဝင်​ဒဏ်​ရာတွေ တွေ့ရှိပါတယ်​။ အ​လောင်းအနီးမှာ လုံးပတ်​ ၄ လက်​မခန့်​၊ အရှည်​လက်​မခွဲ၊ အချင်း ၁ လက်​မခန့်​ရှိ​သော မိုင်းခလုတ်တခု တွေ့ရှိပါတယ်​၊ သူကိုင်​​ဆောင်​တဲ့ သေနတ်​ ဘီ​အေ ၆၃ ​သေနတ်​က​တော့ တွေ့ရှိခြင်းမရှိ​ပါ၊ အ​လောင်း​အောက်​မှာ မိုင်းရှိ​ကြောင်း စစ်​​ဆေး​တွေ့ရှိရပါတယ်​။" ဒီဇင်ဘာ ၁၇ ရက်ကလည်း မောင်တောမြို့နယ်၊ နယ်မြေ ၂၊ နယ်စပ်ခြံစည်းရိုး မှတ်တိုင် ၄၁ နဲ့ ၄၂ အကြားမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေးကင်းလှည့်နေစဉ် ခြံစည်းရိုးတဖက်ခြမ်း တဖက်နိုင်ငံဘက်ခြမ်းကနေ အမည်မသိ အဖွဲ့တဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ရဲတပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။
3 years Ago

March 7, 2017

လက်နက်ကိုင်တိုက်ခိုက်မှုစွန့်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာရန် ဒေါ်အောင်ဆန်းစုကြည်ဖိတ်ခေါ်

လက်နက်ကိုင်တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးစားပွဲဝိုင်းကို လာရန် ဒေါ်အောင်ဆန်းစုကြည်က လောက်ကိုင်မှာ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဖိတ်ခေါ်ကမ်းလှမ်း လိုက်ပါတယ်။ ရှမ်းပြည်နယ် လောက်ကိုင်ဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ကမ်းလှမ်းလိုက်တာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀မ်းမြောက်ဖွယ်ရာ တိုးတက်မှု ရှိလာခဲ့ပြီး ပိုမိုကျယ်ပြန်စွာ ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေချိန်မှာ NMDAA အဖွဲ့က လောက်ကိုင်မြို့ပတ်ဝန်းကျင်နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပြင် အပြစ်မဲ့ပြည်သူတွေ ထိခိုက် သေဆုံးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် အားလုံးအတွက် အကျိုးမဲ့အချည်းအနှီးဖြစ်စေရုံသာမက တိုက်ခိုက်မှုဖြစ်ပွားရာဒေသရှိ ဌာန မျိုးနွယ်စုတွေ ဒေသခံတိုင်းရင်းသားတွေကို တိုက်ရိုက်ဆိုးကျိုးသက်ရောက် ဒုက္ခပင်လယ်ဝေစေတာကြောင့် လက်နက်ကိုင် တိုက်ခိုက်မှုတွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းကို ဦးတည်ဖို့နဲ့ ငြိမ်းချမ်းရေး ခရီးကို တန်းတူရည်တူ အတူလျှောက်လှမ်းဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားပါတယ်။ MNDAA၊ TNLA နဲ့ AA တပ်ဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်တဲ့ကြေညာချက် ထုတ်ပြန်ပါက NCA မှာ လက်မှတ်ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်ပြုမယ်လို့ နိုင်ငံတော် အစိုးရနဲ့ တပ်မတော်အနေနဲ့ ကမ်းလှမ်းထားတဲ့အကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ထား ပါတယ်။
5 years Ago
Up