ဟေတီရဲတပ်ဖွဲ့ဝင်တွေဟာ အမေရိကန်ငါးဦး အပါအဝင် လက်နက်ကိုင် နိုင်ငံခြားသား အုပ်စုတခုကို ဖမ်းဆီးခဲ့တယ်လို့ ဟေတီသတင်းစာတွေက ဖေဖော်ဝါရီ ၁၈ ရက်မှာ ဖော်ပြပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ နေ့စဉ်ရက်ဆက် ပေါ်ပေါက်အပြီး ဆင်းရဲတဲ့ ကယ်ရစ်ဘီယံ ဒေသတွင်းနိုင်ငံ ဟေတီမှာ အခြေအနေ မသေချာ ဖြစ်နေတာပါ။
ဟေတီရဲတွေက အမေရိကန်နိုင်ငံသားတွေပါတဲ့ အုပ်စုကို ဖမ်းထားတယ်ဆိုတာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သိတယ်လို့ ဝန်ကြီးဌာန အရာရှိတဦးက ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ပြောပါတယ်။ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ ဟေတီရဲတွေက ချက်ချင်း မတုံ့ပြန်သေးပါဘူး။
ဖေဖော်ဝါရီ ၁၇ ရက်ညက နိုင်ငံခြားသား ၇ ဦးနဲ့ ဟေတီနိုင်ငံသားတဦးပါတဲ့ အုပ်စုကို ရဲတွေက ဖမ်းခေါ်သွားပါတယ်။
သူတို့ရဲ့ ကား ၂ စီးထဲကနေ ရိုင်ဖယ်သေနတ်တွေ ပစ္စတိုတွေ ဒရုန်းယာဉ်တွေနဲ့ ဂြိုဟ်တုဖုန်းတွေ တွေ့တယ်လို့ ဟေတီသတင်းစာ လွေ နူဗေလိစ် သတင်းစာက အစီရင်ခံပါတယ်။
တခြားမီဒီယာတွေကတော့ အဖမ်းခံရတဲ့ နိုင်ငံခြားသားတွေထဲမှာ ရုရှားနဲ့ ဆားဘီးယား နိုင်ငံသား တဦးစီ ပါတယ်လို့ ပြောပါတယ်။
အဖမ်းခံ အမေရိကန်နိုင်ငံသားတွေဟာ စစ်တပ်နဲ့ပတ်သက်တဲ့ နောက်ကြောင်းရှိကြောင်း ဖော်ပြထားတဲ့ လူမှုကွန်ယက်မီဒီယာပေါ်က သတင်းအချက်အလက်တွေနဲ့ နာမည်တွေကို ဟေတီသတင်းစာတွေက ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
နိုင်ငံခြားမှာ အဖမ်းခံရတဲ့ အမေရိကန် နိုင်ငံသားတွေဟာ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးက အကူတွေလို့ အမည်မဖော်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။
အဖမ်းခံရသူတွေ ဘယ်သူဘယ်ဝါဆိုတာ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
အမေရိကန်အစိုးရက အရေးပေါ်တာဝန်နဲ့ မဟုတ်ဘဲ ဟေတီနိုင်ငံထဲ ရောက်နေတဲ့ အမေရိကန် အရာရှိတွေနဲ့ မိသားစုတွေအားလုံး ဟေတီနိုင်ငံထဲက ထွက်သွားကြဖို့ အရင်အပတ်က အမိန့်ထုတ်ထားသလို အမေရိကန်နိုင်ငံသားတွေ ဟေတီနိုင်ငံကို သွားမလည်ကြဖို့လည်း အကြံပေးထားပါတယ်။
4 years Ago