လက်ထပ်စာရင်းတု

May 24, 2018

ထိုင်းအမျိုးသမီး ၃၀၀ မသိဘဲ လက်ထပ်စာရင်းတု သွင်းခဲ့သည့် အိန္ဒိယ ၈ ဦး အဖမ်းခံရ

ထိုင်းအမျိုးသမီး အယောက် ၃၀၀ ရဲ့ အမည်တွေကို အမျိုးသမီးတွေ မသိရှိဘဲ သုံးပြီး လက်ထပ်လိုင်စင်အတု လုပ်ခဲ့တဲ့ လိမ်လည်မှုအတွက် အိန္ဒိယအမျိုးသား ၈ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အမျိုးသမီးတွေထဲက တယောက်ကမှ သူတို့တွေ လက်ထပ်လိုင်စင်တုစာရင်းထဲ ထည့်ထားခံရပြီး အိမ်ထောင်ရှိ အမျိုးသမီးတွေဖြစ်နေတာကို မသိကြဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ မေ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။ မေ ၂၃ ရက်နေ့ အစောပိုင်းမှာ အာဏာပိုင်တွေက ခံခဲ့ရတဲ့ အမျိုးသမီး ၁၃ ဦးကို လက်ထပ်လိုင်စင်တု စာရင်းတွေထဲကနေ ပယ်ဖျက်ဖို့ ကူညီပြီးတဲ့နောက် အမျိုးသမီးတွေက ဆာရာဘူရီဝန်မူရန်ခရိုင်မှာ နေထိုင်သူတွေလို့ ခရီးသွားရဲဌာန လက်ထောက်ရဲချုပ် ဆူရာချာတီဟက်ပါန်က ပြောပါတယ်။ လက်ထောက်ရဲချုပ် ဆူရာချာတီက အိန္ဒိယအမျိုးသားတွေဟာ ထိုင်းနိုင်ငံမှာ တာရှည်နေနိုင်ဖို့ လက်ထပ်စာချုပ်တွေ အတုလုပ်ခဲ့ကြတာလို့ ယူဆနေပါတယ်။ ဒီအဖွဲ့ထဲက ၃ ယောက်ဖြစ်တဲ့ ပရက်ဟာခါဆင်း၊ ရီတက်ရှ်ကူးမားနဲ့ မန်ဂျိမလာတို့ဟာ ထိုင်းနိုင်ငံမှာ ရက်ကျော်နေထိုင်မှုအတွက် တရားရင်ဆိုင်နေရပြီး နောက် ၅ ယောက်ကတော့ သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် နေထိုင်ခွင့်ဗီဇာတွေကို ဖျက်သိမ်းမယ်လို့ ကမ္ဘာလှည့်ခရီးသွား ရဲဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံတွင်းမှာ တရားမဝင် တာရှည်နေထိုင်ပြီး တခါတရံ ရာဇဝတ်မှုတွေ လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို နှိမ်နင်းဖို့ ရဲဌာနရဲ့ အိတ်စ်ရေး နိုင်ငံခြားသား လှုံ့ဆော်ရေး လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဒီနောက်ဆုံး စစ်ဆေးရေးကို လုပ်ခဲ့တာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း ရဲတွေဟာ အတန်းမတက်ဘဲ နိုင်ငံခြားသားတွေကို ကျောင်းသားဗီဇာ စီစဉ်ပေးတဲ့ အပြည်ပြည်ဆိုင်ရာနဲ့ ဘာသာရပ်သင်တန်းကျောင်းတွေကို ပစ်မှတ်ထားခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဆာရာဘူရီခရိုင်မှာပဲ အမျိုးသမီး ၁၇၀၀ လောက်က သူတို့လုံးဝမသိဘဲ အိမ်ထောင်ကျကောင်း ကျနေနိုင်တယ်လို့ လက်ထပ်အတုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ခဲ့တဲ့ ဒုရဲချုပ်က INN News သတင်းဌာနကို ပြောပါတယ်။ ဝန်မူရင်ခရိုင်က တာဝန်ရှိသူ ၃ ယောက်က အမျိုးသမီး ၁ ယောက်ကို ဘတ် ၂၀၀၀ နှုန်းနဲ့ လက်ခံပြီး အမျိုးသမီး ၂၀၀၀ ရဲ့အမည်ကို သုံးကာ လက်ထပ်စာရွက်စာတမ်းအတု လုပ်ခဲ့တယ်လို့ သိရပြီး ကျူးလွန်ခဲ့သူ အာဏာပိုင်တွေကို အလုပ်က ထုတ်လိုက်တယ်လို့ INN News သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up