လက်တင်အမေရိက

January 25, 2019

လက်တင်အမေရိကတွင် အမျိုးသမီးများကို သတ်ဖြတ်ခြင်းသည် ကပ်ရောဂါလိုဖြစ်နေဟု ပုပ်ရဟန်းမင်း ပြော

လက်တင်အမေရိကမှာ အမျိုးသမီးတွေကို သတ်ဖြတ်နေတာဟာ ကပ်ရောဂါတခုလို ဖြစ်လာနေပြီလို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ပနားမားနိုင်ငံမှာ ပြုလုပ်တဲ့ ကက်သလစ်ကျောင်းတော်ရဲ့ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်တာပါ။ အဲဒီ ကမ္ဘာ့လူငယ်နေ့ အခမ်းအနား ဖွင့်ပွဲမှာ သိန်းနဲ့ချီတဲ့လူငယ်တွေ ပါဝင်ကြပြီး ပုပ်ရဟန်းမင်းကြီးက လူငယ်တွေကို အပြောင်းအလဲလုပ်ရဲတဲ့ သတ္တိမွေးကြဖို့ မှာကြားခဲ့ပါတယ်။ အကျင့်ပျက်ခြစားမှု ရှောင်ရှားဖို့နဲ့ ဂိုဏ်းဖွဲ့ရာဇဝတ်မှု၊ မူးယစ်ရောင်းဝယ်မှုနဲ့ အမျိုးသမီးတွေ သတ်ဖြတ်မှုကို ဖြေရှင်းဖို့ လက်တင်အမေရိက ခေါင်းဆောင်တွေကို ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ လက်တင်အမေရိက စီးပွားရေးကော်မရှင်ထံ ပေးပို့တဲ့ အစိုးရကိန်းဂဏန်းတွေအရ ၂၀၁၇ ခုနှစ်က လက်တင်အမေရိကနဲ့ ကာရေဘီယန်ဒေသမှာ အမျိုးသမီးဦးရေ ၂,၇၉၅ ထက်မနည်း သတ်ဖြတ်ခံရပါတယ်။
2 years Ago

May 17, 2018

လက်တင်အမေရိကတလွှားတွင် ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

လက်တင်အမေရိကတလွှားမှာ ပါလက်စတိုင်းတွေနဲ့ သွေးစည်းတဲ့ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြနေပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးနဲ့ ဘိုလီးဗီးယားနိုင်ငံတွေက လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ မေ ၁၅ ရက်နေ့က ချီတက်နေတာပါ။ အာဂျင်တီးနားနိုင်ငံရဲ့မြို့တော် ဗျူးနော့စ် အေးရီးစ်က အစ္စရေးသံရုံးရှေ့မှာ ရာနဲ့ချီတဲ့ လူတွေဟာ ပါလက်စတိုင်း အလံတွေကို ကိုင်စွဲချီတက်ခဲ့ပါတယ်။ တချို့ကတော့ ပါလက်စတိုင်းတွေကို လူမျိုးသုဉ်း သတ်နေလို့ အစ္စရေးကို ပြစ်တင်ရှုတ်ချတယ် ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်စွဲခဲ့ပါတယ်။ ဘရာဇီးနိုင်ငံ၊ ဆောင်ပါလိုမြို့က ပေါ်လစ်စတာ ရိပ်သာလမ်းပေါ်မှာ ပါလက်စတိုင်း အလံတွေ ဝဲပျံနေတာပါ။ ဆန္ဒပြသူတွေက ပါလက်စတိုင်းတွေကို လွတ်လပ်ခွင့်ပေးဖို့ ဆော်သြပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ လူမျိုးရေး ခွဲခြားတဲ့ အစ္စရေးပြည်နယ် ဖန်တီးပြီးတည်းက နှစ် ၇၀ လုံး ကြံ့ကြံ့ခံ နေခဲ့ကြတဲ့ ပါလက်စတိုင်းတွေနဲ့ သွေးစည်းကြောင်းပြဖို့ ဆောင်ပါလိုနဲ့ ဘရာဇီး တနိုင်ငံလုံးမှာ ဆန္ဒပြနေတာလို့ ပါလက်စတိုင်းလိုလားတဲ့ တက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။ ဘိုလီးဗီးယား နိုင်ငံတွင်းက ပါလက်စတိုင်း လူ့အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌကတော့ မြို့တော် လာပဲ့ဇ်မှာ အသေးစား ဆန္ဒပြမှုကို ဦးဆောင်ခဲ့ပြီး တနင်္လာနေ့ တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။ “ဇီယွန်ဝါဒီ အစ္စရေးက ကျူးလွန်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ပယ်ချတယ် ၂ လအတွင်း ဂါဇာ နယ်နိမိတ်ထဲမှာ လူအယောက် ၃၀၀ ကျော် သေပြီး ၃၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီးပြီ နိုင်ငံတကာ လူ့အဖွဲ့အစည်းက အသံတိတ် နေတဲ့အတွက် ကျနော်တို့ ဒေါသထွက်မိတယ်။ အမေရိကန်က အစ္စရေးကို ထောက်ခံနေတာဟာ ပါလက်စတိုင်း ပြည်သူတွေအပေါ် ကျူးလွန်မှုပဲ” လို့ သူက ပြောပါတယ်။ ဂါဇာမှာ သွေးစွန်းအပြီး နောက်နေ့မှာ ပါလက်စတိုင်းသားတွေနဲ့ ညီညွတ်ကြောင်း ပြတဲ့အနေနဲ့ ဆန္ဒပြတာ ဖြစ်ပါတယ်။ ဂျေရုဆလင်မြို့မှာ အမေရိကန်သံရုံးဖွင့်တာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲအတွင်း ဂါဇာ အစ္စရေးနယ်စပ်မှာ အစ္စရေးတပ်နဲ့ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ပါလက်စတိုင်းသား အယောက် ၆၀ လောက် သေဆုံးခဲ့ပါတယ်။
3 years Ago
Up