လက်စတာအသင်းပိုင်ရှင်

October 29, 2018

ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့သည့် လက်စတာအသင်းပိုင်ရှင်ကို ပရိသတ်များ ပန်းစည်းချဂုဏ်ပြု

ရဟတ်ယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီး သေဆုံးသွားတဲ့ လက်စတာစီးတီးအသင်းပိုင်ရှင် ဝီချိုင်း စီဝပ်ဒါနာပရာခါကို အသင်းပရိသတ်တွေက အောက်တိုဘာ ၂၈ ရက်နေ့မှာ ပန်းစည်းချ ဂုဏ်ပြုခဲ့ပါတယ်။ အသင်းပိုင်ရှင် ထိုင်းလူမျိုး ဝီချိုင်းဟာ လက်စတာအသင်းကို ၂၀၁၀ ခုနှစ်က ဝယ်ယူခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ လက်စတာအသင်းဟာ ပရီးမီးယားဆုဖလား ရခဲ့ပါတယ်။ လက်စတာအသင်း ပရိသတ်တဦးက “ဝီချိုင်းဟာ အသင်းအတွက် ငွေအများအပြား ထည့်ပြီး အသင်းကို တည်ဆောက်ခဲ့တဲ့အတွက် ပရီးမီးယားဖလားကို ရခဲ့တယ်။ လက်စတာအသင်းရဲ့ အနာဂတ်ဟာ တောက်ပလာခဲ့တယ်” လို့ ပြောပါတယ်။ ရာနဲ့ချီတဲ့ လက်စတာအသင်း ပရိသတ်တွေဟာ အသင်းပိုင်ရှင် ဝီချိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဘောလုံးကွင်းအပြင်ဘက်မှာ ရှပ်အင်္ကျီတွေ၊ လည်စည်းပဝါတွေနဲ့ ပန်းစည်းတွေ ချထားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago

လက်စတာအသင်းပိုင်ရှင် ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံး

ရဟတ်ယာဉ်ပျက်ကျတဲ့အထဲ ပါသွားတဲ့ လက်စတာအသင်းပိုင်ရှင် ထိုင်းလူမျိုး ဝီချိုင်း စီဝပ်ဒါနာပရာခါ သေဆုံးသွားတယ်လို့ အတည်ပြုချက် ထွက်ပေါ်လာပါတယ်။ ရဟတ်ယာဉ်ထဲမှာ အသင်းပိုင်ရှင်၊ ဝန်ထမ်း၂ ဦး၊ ရဟတ်ယာဉ်မောင်းသူ အမျိုးသမီးနဲ့ ခရီးသည်တဦးတို့ ပါဝင်သွားတယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ လက်စတာရှိုင်းယား ရဲတပ်ဖွဲ့ကတော့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ပိုင်ရှင်အပါအဝင် ၅ ဦး သေဆုံးသွားပြီလို့ ယုံကြည်ရကြောင်း ပြောဆိုထားပါတယ်။ လက်စတာကွင်းအပြင်မှာ ပရိသတ်တွေက ရဟတ်ယာဉ် ပျက်ကျရာမှာ ပါသွားသူတွေအတွက် ဆုတောင်းတာတွေ၊ ပန်းခြင်းချတာတွေ လုပ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်တွေ မစခင်မှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ၊ ငြိမ်သက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ လက်စတာပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာ ဘောလုံးကွင်းအပြင်မှာ ပျံတက်တုန်းမှာ အမြီးပိုင်းက ပန်ကာမလည်ဘဲ ထိန်းမရတာကြောင့် ပျက်ကျပြီး မီးလောင်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ရဟတ်ယာဉ်ဟာ လက်စတာနဲ့ ဝက်စ်ဟမ်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ၁ နာရီလောက် ဖြစ်ခဲ့တာပါ။ လက်စတာပိုင်ရှင် ထိုင်းဘီလျံနာ ဝီချိုင်း စီဝပ်ဒါနာပရာခါဟာ ထိုင်းလေဆိပ်တွေမှာ အကောက်ခွန်လွတ်ဆိုင်တွေကို ပိုင်ဆိုင်ထားပြီး လက်စတာအသင်းကို ၂၀၁၀ မှာ ဝယ်ယူခဲ့ပါတယ်။ သူဟာ လက်စတာအသင်းအတွက် ဒေါ်လာသန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၆ မှာ ရယူနိုင်ခဲ့ပါတယ်။
3 years Ago
Up