လက်စတာပိုင်ရှင်

November 11, 2018

လက်စတာပိုင်ရှင်အတွက် ပရိသတ် ၃ သောင်းကျော် ၀မ်းနည်းကြောင်းပြသ

လက်စတာစီးတီးအသင်းပိုင်ရှင် ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးပြီးနောက် ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲမတိုင်ခင် ပရိသတ် ၃၀၀၀၀ ကျော်က မြို့တွင်းမှာ လမ်းလျှောက်ပြီး ဝမ်းနည်းကြောင်းပြသခဲ့ကြပါတယ်။ "ဗီချိုင်းအတွက် လမ်းလျှောက်ခြင်း" လို့ နာမည်ပေးထားတဲ့ အဲ့ဒီလမ်းလျှောက်ပွဲမှာ လက်စတာ အသင်းသားတွေဖြစ်တဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီ၊ မက်ဒီဆင်နဲ့ မက်ဂွီရီတို့လည်း ပါဝင်ခဲ့ကြပြီး ပွဲကစားချိန်မှာတော့ မက်ဂွီရီနဲ့ မက်ဒီဆင်တို့ဟာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် လူစားရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။ ပွဲအပြီးမှာတော့ လက်စတာနဲ့ ဘန်လေတို့ဟာ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ ပရိသတ်တွေဟာ အင်္ကျီအပြာရောင် ဆင်တူဝတ်ဆင်ခဲ့ကြပြီး ဗီချိုင်းဟာ ကလပ်အတွက် အများကြီးပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ အကောင်းဆုံး ဥက္ကဋ္ဌတဦးဖြစ်ကြောင်း စာတမ်းပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။ ဗီချိုင်းဟာ လက်စတာမြို့သားတွေအတွက် သမိုင်းတလျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကြီးကို ၂၀၁၆ ခုနှစ်မှာ ရယူပေးခဲ့ပြီး ကလပ်ကို ပြင်ဆင်မှု အမြောက်အမြားပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဗီချိုင်းသေဆုံးပြီးနောက်မှာတော့ သားဖြစ်သူ အရီယာဝတ်ထ်က ဆက်လက်တာဝန်ယူနေပြီး ဖခင်ဖြစ်သူရဲ့ ကြိုးပမ်းမှုအတိုင်း အသင်းကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။ လက်စတာစီးတီးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
2 years Ago

October 28, 2018

လက်စတာပိုင်ရှင် ထိုင်းဘီလျံနာသူဌေး၏ ရဟတ်ယာဉ် ပျက်ကျမီးလောင် (ရုပ်သံ)

ပရီးမီးယားလိဂ်ကလပ် လက်စတာ ဘောလုံးအသင်းပိုင်ရှင် ထိုင်းလူမျိုး  ၀ီချိုင်း စီဝပ်ဒါနာပရာခါရဲ့ ရဟတ်ယာဉ်ဟာ အတက်မှာပျက်ကျပြီး မီးလောင်သွားခဲ့ပါတယ်။ လက်စတာ ပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာ ဘောလုံးကွင်းအပြင်မှာ ပျံတက်တုန်း ထိန်းမရဘဲ ပျက်ကျ မီးလောင်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်စတာရဲ့ ဂိုးသမား ရှမိုက်ကယ်ဟာ ရဟတ်ယာဉ် မီးလောင်တဲ့ နေရာကို ပြေးသွားတာ တွေ့ခဲ့တယ်လို့ မျက်မြင်တယောက်က ဆိုပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ပိုင်ရှင် ထိုင်းဘီလျှံနာ မစ္စတာ ၀ီချိုင်း စီဝပ်ဒါနာပရာခါ ပါ မပါကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ရဟတ်ယာဉ်ဟာ လက်စတာနဲ့ ၀က်စ်ဟမ်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ၁ နာရီလောက် ဖြစ်ခဲ့တာပါ။ ထိုင်းဘီလျံနာ ၀ီချိုင်း စီဝပ်ဒါနာပရာခါဟာ ထိုင်းလေဆိပ်တွေမှာ အကောက်ခွန်လွတ်ဆိုင်တွေကို ပိုင်ဆိုင်ထားပြီး လက်စတာအသင်းကို ၂၀၁၀ မှာ ၀ယ်ယူခဲ့ပါတယ်။ အသင်းအတွက် ဒေါ်လာသန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၆ မှာ ရယူနိုင်ခဲ့ပါတယ်။
2 years Ago
Up