လက်စတာပိုင်ရှင်

October 28, 2018

ရဟတ်ယာဉ် ပျက်ကျမှုတွင် လက်စတာအသင်းပိုင်ရှင် ပါသွားဟုဆို

ရဟတ်ယာဉ် ပျက်ကျတဲ့အထဲမှာ လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းလူမျိုး ၀ီချိုင်း စီဝပ်ဒါနာပရာခါ ပါသွားတယ်လို့  သူနဲ့ ဆွေမျိုးနီးစပ်သူရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ပရီးမီးယားလိဂ်ကလပ် လက်စတာ ဘောလုံးအသင်းပိုင်ရှင်ရဲ့ ထိုင်းလူမျိုး ၀ီချိုင်း စီဝပ်ဒါနာပရာခါရဲ့  ရဟတ်ယာဉ်ဟာ စနေနေ့က အတက်မှာ ပျက်ကျပြီး မီးလောင်သွားခဲ့တာပါ။ လက်စတာ ပိုင်ရှင်ရဲ့ ရဟတ်ယာဉ်ဟာ ဘောလုံးကွင်းအပြင်မှာ ပျံတက်တုန်းမှာ ထိန်းမရဘဲ ပျက်ကျ မီးလောင်တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်စတာရဲ့ ဂိုးသမား ရှမိုက်ကယ်ဟာ ရဟတ်ယာဉ် မီးလောင်တဲ့နေရာကို ပြေးသွားတာ တွေ့ခဲ့တယ်လို့ မျက်မြင်တယောက်က ဆိုပါတယ်။ ရဟတ်ယာဉ်ပေါ်မှာ ပိုင်ရှင်အပြင် တခြား ဘယ်သူတွေ ပါသလဲဆိုတာကတော့ မသိရသေးပါဘူး။ ရဟတ်ယာဉ်ဟာ မနေ့ညက လက်စတာနဲ့ ၀က်စ်ဟမ်းတို့ ၁ ဂိုးစီ သရေကျတဲ့ ပွဲအပြီးမှာ ၁ နာရီလောက် ဖြစ်ခဲ့တာပါ။ လက်စတာ ပိုင်ရှင် ထိုင်းဘီလျံနာ ၀ီချိုင်း စီဝပ်ဒါနာပရာခါဟာ ထိုင်းလေဆိပ်တွေမှာ အကောက်ခွန်လွတ်ဆိုင်တွေကို ပိုင်ဆိုင်ထားပြီး လက်စတာအသင်းကို ၂၀၁၀ မှာ ၀ယ်ယူခဲ့ပါတယ်။ အသင်းအတွက် ဒေါ်လာသန်း ၁၀၀ ကျော် သုံးစွဲခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂၀၁၆ မှာ ရယူနိုင်ခဲ့ပါတယ်။ လက်စတာ အင်္ဂလန်မှာရှိတဲ့ ပရိသတ်တွေကတော့ ပိုင်ရှင်ဟာ အသင်းရဲ့ အသည်းနှလုံးနဲ့ ၀ိညာဉ် ဖြစ်တယ်လို့ ပြောပါတယ်။
3 years Ago
Up