လက်ကိုင်အိတ်ဒီဇိုင်နာ

June 6, 2018

နာမည်ကြီး လက်ကိုင်အိတ်ဒီဇိုင်နာ ကိတ်စပိတ်ဒ် ကိုယ့်ကိုယ်ကိုယ် သတ်သေ

နာမည်ကြီး လက်ကိုင်အိတ်ဒီဇိုင်နာတဦးဖြစ်တဲ့ ကိတ်စပိတ်ဒ်ဟာ နယူးယောက်မြို့က သူမရဲ့နေအိမ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့ရပြီးနောက်မှာ ရဲတွေက သေဆုံးမှုအပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ သူသေဆုံးခဲ့ပုံဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပုံရပြီး ဒီအတွက် မိသားစုဝင်တွေရော တကမ္ဘာလုံးက သူ့ရဲ့ပရိသတ်တွေကပါ ဝမ်းနည်းပူဆွေးနေကြပါတယ်။ အသက် ၅၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ စပိတ်ဒ်ရဲ့ အလောင်းကို အိမ်အကူတဦးက တွေ့ရှိခဲ့တာဖြစ်ပြီး မသေဆုံးခင်မှာ ရေးသားခဲ့တဲ့ မှတ်စုတခုကိုလည်း တွေ့ရှိခဲ့တာပါ။ ဒီမှတ်စုထဲမှာ ဘာတွေရေးထားတယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် မပြောနိုင်သေးဘူးလို့ ရဲတွေက ပြောပါတယ်။ စပိတ်ဒ်ရဲ့ မိသားစုဝင်တွေကတော့ ခုလို ပူဆွေးဝမ်းနည်းနေရချိန်မှာ သူတို့အနေနဲ့ သီးခြားသာ နေချင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာတော့ “ကျနော် ကျမတို့အနေနဲ့ ကိတ်အတွက် ပူဆွေးဝမ်းနည်းနေကြပြီး ဆိုးဆိုးဝါးဝါးပဲ လွမ်းဆွတ်နေကြပါတယ်။ ခုလို ခက်ခဲတဲ့ အချိန်ကာလမှာ မိသားစုကို ကိုယ်ရေးကိုယ်တာတခုအနေနဲ့ လေးစားပေးကြဖို့ တောင်းဆိုချင်ပါတယ်” လို့ ဖော်ပြထားတာပါ။ စပိတ်ဒ်ဟာ ဖက်ရှင်မဂ္ဂဇင်းတစောင်ဖြစ်တဲ့ မက်ဒ်မွိုက်ဆဲဇ်မဂ္ဂဇင်းကိုလည်း တည်းဖြတ်ခဲ့ပြီး အဝတ်အစား၊ ဖိနပ်၊ လက်ဝတ်ရတနာ ဒီဇိုင်းဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး လူသိများပါတယ်။ ကိတ်စပိတ်ဒ် လက်ကိုင်အိတ်ကုမ္ပဏီကိုတော့ ၁၉၉၃ ခုနှစ်မှာ ခင်ပွန်းသည် အန်ဒီ စပိတ်ဒ်နဲ့ ပူးတွဲတည်ထောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ နယူးယောက်မြို့မှာ ပထမဆုံးဆိုင်ကို ဖွင့်လှစ်ခဲ့ကာ လက်ရှိ ကမ္ဘာတဝှမ်း ဆိုင်ခွဲပေါင်း ၃၀၀ ကျော်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
4 years Ago
Up