အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရဲတွေက မသင်္ကာစရာ လှုပ်ရှားမှုတွေအကြောင်း ပြည်သူတွေက လုံခြုံရေးနဲ့ အရေးပေါ်ဌာနတွေဆီ ဓာတ်ပုံနဲ့ သတင်းစကား ပေးပို့အစီရင်ခံဖို့ လက်ကိုင်ဖုန်း အပလီကေးရှင်း အသစ်ကို ဖြန့်ချိလိုက်ပါတယ်။
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးလာနေလို့ နိုဝင်ဘာ ၂၃ ရက်နေ့က စတင် ဖြန့်ချိလိုက်တာပါ။
ဒီ အပလီကေးရှင်းကို သုံးပြီး သံသယဖြစ်စရာကောင်းတဲ့ ဓာတ်ပုံကို ရိုက်ရင် နယူးယောက်ပြည်နယ် ထောက်လှမ်းရေးဌာနကို ချက်ချင်း သတင်းပို့တယ်လို့ နယူးယောက် ပြည်နယ် ရဲမှူးကြီးက ပြောပါတယ်။
"သုံးနေကြပါတယ်၊ သတင်းပေးမှုကို ကြည့်ရှုမှတ်တမ်းတင်ပြီး လိုအပ်ရင် စုံစမ်းစစ်ဆေးဖို့ တုံ့ပြန်ဖို့ တာဝန်ချမယ်" လို့လည်း သူက ပြောပါတယ်။
နယူးယောက်မှာ ကျေးဇူးတော် အောက်မေ့ပွဲ အားလပ်ရက်တလျှောက် လက်နက် အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ အရာရှိတွေ ပါဝင်တဲ့ အကျပ်အတည်း တုံ့ပြန်ရေးတပ်၊ အကြမ်းဖက်မှု တုံ့ပြန်ရေး တပ်ဖွဲ့သစ်က လုံခြုံရေး တိုးမြှင့်ထားမှာပါ။
နိုဝင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပမယ့် ပွဲတော်အတွင်း သန်းနဲ့ချီတဲ့ မြို့သားတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လမ်းပေါ်ထွက် ပွဲကြည့်မယ်လို့ မျှော်လင့်ထားပါတယ်။
7 years Ago