လကမ္ဘာ

January 4, 2019

တရုတ် အာကာသ လေ့လာရေးယာဉ် လကမ္ဘာတဖက်ခြမ်းသို့ အောင်မြင်စွာဆင်းသက် (ရုပ်သံ)

တရုတ် အာကာသ စူးစမ်းလေ့လာရေးယာဉ်ဟာ လကမ္ဘာတဖက်ခြမ်းကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဇန်နဝါရီ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒါကို တရုတ်နိုင်ငံ အာကာသစူးစမ်းလေ့လာရေး အစီအစဉ်အတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် ရှုမြင်ပြီး သမိုင်းဝင် အောင်မြင်မှုအဖြစ် သတင်းဌာနက ကြိုဆိုခဲ့ပါတယ်။ ချန်-၄ ဆိုတဲ့ လကမ္ဘာစူးစမ်းလေ့လာရေးယာဉ်ကို ဒီဇင်ဘာလက လွှတ်တင်ပြီး ဂင်းနစ်စံတော်ချိန် ၂ နာရီ ၂၆ မိနစ်မှာ လကမ္ဘာရဲ့တဖက် အမှောင်ခြမ်းကို ညင်သာစွာ ဆင်းသက်ခဲ့ပါတယ်။ အဲဒီနောက် လရဲ့ အမှောင်ခြမ်း အနီးကပ်ပုံရိပ်ကို ပထမဆုံး ထုတ်လွှင့်ခဲ့ပါတယ်။ လဟာ ကမ္ဘာမြေကိုပတ်တဲ့ အမြန်နှုန်းနဲ့ ဝင်ရိုးမှာ လည်ပတ်နေတာမို့ သူ့ရဲ့အမှောင်ခြမ်းကို ကမ္ဘာမြေကနေ မမြင်တွေ့ပါဘူး။ အရင်အာကာသယာဉ်တွေဟာ လရဲ့အမှောင်ခြမ်းကို မြင်တွေ့ပေမယ့် အဲဒီမှာ ဆင်းသက်ခြင်း မရှိပါဘူး။ အခုလို တရုတ်အာကာသယာဉ် ဆင်းသက်မှုဟာ အမှောင်ခြမ်းရဲ့ လျှို့ဝှက်မှုကို လှစ်ဟလိုက်ပြီး လူသားတွေရဲ့ လကမ္ဘာ စူးစမ်းလေ့လာရေးမှာ ကဏ္ဍသစ်တခု ဖွင့်လှစ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။
3 years Ago

August 24, 2018

လကမ္ဘာပေါ် ရေတူးနိုင်သည့် အလားအလာများကြောင့် စိတ်လှုပ်ရှားမိဟု နာဆာအကြီးအကဲ ပြော

လကမ္ဘာပေါ်မှာ ရေတူးဖော်နိုင်တဲ့ အလားအလာတွေကြောင့် စိတ်လှုပ်ရှားရတယ်လို့ အမေရိကန် အမျိုးသား အာကာသသိပ္ပံ (နာဆာ) ရဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ လမျက်မှာပြင်ပေါ်မှာ ရေပမာဏအများကြီး ရှိနေတာကြောင့် လကမ္ဘာပေါ် လူသားတွေ သွားလာနိုင်မယ့် ရည်မှန်းချက်လည်း ပိုပြီး ရုပ်လုံးပေါ်လာတယ်လို့ နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒင်စတင်းက ပြောပါတယ်။ လပတ်လမ်းမှာ လည်ပတ်နေတဲ့ အိန္ဒိယ အာကာသယာဉ်ကနေ စုဆောင်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် လကမ္ဘာ ဝင်ရိုးစွန်းအရပ်တွေရဲ့ အမှောင်မည်းဆုံးနဲ့ အအေးဆုံးအပိုင်းတွေမှာ ရေခဲတွေ စုနေတဲ့နေရာ ရာချီရှိတာကို သိပ္ပံပညာရှင်တွေက ပထမဆုံး အတည်ပြုခဲ့ပါတယ်။ ရိုက်တာရုပ်မြင်သံကြားနဲ့ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းမှုမှာ နာဆာအုပ်ချုပ်ရေးမှူး ဘရစ်ဒင်စတင်းကတော့ လပေါ်က ခဲနေတဲ့ရေတွေဟာ လူတွေ အသက်ရှင်ဖို့သာမက ဒုံးပျံလောင်စာပါ သုံးလို့ရတယ်လို့ ပြောပါတယ်။ “လကမ္ဘာအကြောင်း ပြောကြတဲ့အခါ လမျက်နှာပြင်မှာ ခဲနေတဲ့ရေ တန်သန်းထောင်ပေါင်းရာနဲ့ချီ ရှိနေတာကို ၂၀၀၈ ခုနှစ်ကစလို့ ကျနော်တို့ သိခဲ့တယ်။ ၁၉၆၉ ကနေ ၂၀၀၈ ခုနှစ်မတိုင်ခင်အထိ လကမ္ဘာဟာ လုံးဝ ခြောက်သွေ့တယ်လို့ပဲ ကျနော်တို့ ထင်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ အိန္ဒိယက ခဲနေတဲ့ရေတွေကို တွေ့တယ်။ နာဆာက ၂၀၀၉ မှာ စမ်းသပ်မှုတွေ လုပ်တယ်။ အဲဒီမှာ ခဲနေတဲ့ရေတွေ ရှိတယ်ဆိုတာကို ကျေန်ာတို့ သိခဲ့တာပါ။ ဒီရေတွေဟာ အသက်ရှင်ဖို့ ထောက်ပံ့ပေးနိုင်တယ်။ ရှူဖို့ အောက်စီဂျင်နဲ့ သောက်ဖို့ရေ ပေးနိုင်တယ်။ "တချိန်တည်းမှာပဲ ဒုံးပျံတွန်းကန်အားကိုလည်း ကိုယ်စားပြုပါတယ်။ အဲဒီ ခဲနေတဲ့ရေကို ခွဲခြားလိုက်ရင် အရည်ပုံစံနဲ့ အအေးလွန်နေတဲ့ပုံစံ ရလာမယ်။ ဒါဟာ အာကာသယာဉ်တွေကို စွမ်းအင်ပေးနိုင်တဲ့ ဒုံပျံတွန်းကန်အားအတွက်လည်း သုံးနိုင်တယ်။ ဒီတော့ ကမ္ဘာကြီးကနေ လပေါ်ကို ၃ ရက်ပဲကြာမယ်ဆိုရင် စဉ်းစားကြည့်ပါ။ ဒုံးပျံလောင်စာ တန်သန်းထောင်ပေါင်းရာချီနေတဲ့ လကမ္ဘာပါ” လို့ နာဆာအုပ်ချုပ်ရေးမှူး ဂျင်ဘရစ်ဒင်စတင်းက ပြောပါတယ်။ အပိုလို ၁၇ ယာဉ်နဲ့ နာဆာရဲ့ လကမ္ဘာပေါ် လူလေ့လာမှုဟာ ၁၉၇၂ ခုနှစ်မှာ အဆုံးသတ်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတ ထရမ့် အစိုးရကတော့ အောက်တိုဘာလကစမယ့် ဘဏ္ဍာရေးနှစ်မှာ လူလိုက်ပါတဲ့ အာကာသလေ့လာရေးအတွက် ဒေါ်လာ ၁၀ ဒသမ ၅ ဘီလျံအထိ သုံးဖို့ အဆိုပြုထားပါတယ်။
3 years Ago
Up