တရုတ်နိုင်ငံက လွှတ်တင်ခဲ့တဲ့ လစူးစမ်းလေ့လာရေးယာဉ် Chang’e 4 ဟာ လကမ္ဘာပေါ် အောင်မြင်စွာ ဆင်းသက်စေနိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီးနောက် စိတ်ဝင်တစား ၀င်ရောက်ကြည့်ရှုသူ များပြားနေတယ်လို့ သိရပါတယ်။
ဒါဟာ ကမ္ဘာကနေမမြင်ရတဲ့ လရဲ့တဖက်ခြမ်းကို အာကာသယာဉ်တစင်း ပထမဆုံး အကြိမ်အဖြစ် အောင်မြင်စွာ ဆင်းသက်နိုင်ခြင်းလည်း ဖြစ်ပါတယ်။
Xinhua သတင်းမှာ ဖော်ပြချက်အရ Chang’e 4 ယာဉ်ကို စီချွမ်ပြည်နယ် ရှီချန်အာကာသစခန်းကနေ Long March-3B ဒုံးကျည်နဲ့ ၂၀၁၈ ခုနှစ်ဒီဇင်ဘာ ၈ ရက် နေ့ကနေ လွှတ်တင်လိုက်တာဖြစ်ကာ ယာဉ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လရဲ့ ဂြိုဟ်ပတ်လမ်းကို ရောက်ရှိခဲ့ တယ်လို့ သိရပါတယ်။
နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ CGTN က “လရဲ့အမှောင်ဘက်ခြမ်းကို ပထမဆုံးအနီး ကပ်ရိုက်ထားတဲ့ ဓာတ်ပုံ” လို့ ရေးသားပြီး တွစ်တာမှာ ဓာတ်ပုံတပုံ တင်ခဲ့ပါတယ်။
ဒါပေမယ့် China Daily နဲ့ CGNT တို့က သူတို့တွစ်တာက ဓာတ်ပုံကို ပြန်ဖျက်သွားခဲ့တာကြောင့် အစပိုင်းတုန်းက ဒီဖြစ်ရပ်ဟာ တကယ်မဖြစ်နိုင်ဘူးဆိုတဲ့ ယူဆချက်တွေ ပေါ်ထွက်လာခဲ့ပါသေးတယ်။
နောက်ပိုင်းမှာမှ CCTV သတင်းနဲ့ ကွန်မြူနစ်ပါတီက ပိုင်ဆိုင်တဲ့ Gloabal Times သတင်းဌာနတို့က Chang’e 4 ဟာလရဲ့ မျက်နှာပြင်ကို အမှန်တကယ် ရောက်ရှိသွားပြီလို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
လရဲ့လည်နေတဲ့အရှိန်က အချိန်ကိုက်လှုပ်ရှားမှုကြောင့် Chang’e 4 ဆင်းသက်နိုင်ခဲ့တဲ့ လရဲ့တစ်ဖက်ခြမ်း (Far Side) ကို ကမ္ဘာကနေ မမြင်ရပါဘူး။
အဲဒီအခြမ်းဟာ မှောင်မဲနေမယ်လို့ ထင်မြင်ယူဆမှုတွေရှိခဲ့ပေမယ့် သူဟာလည်း ကမ္ဘာကို မျက်နှာမှုနေတဲ့ အပိုင်းလိုပဲ နေရောင်ခြည်ကို ရရှိတယ်လို့ ဆိုပါတယ်။
Chang’e 4 က လရဲ့ တခြားအစိတ်အပိုင်းကို ဆင်းသက်နိုင်ခဲ့ပြီဖြစ်တာကြောင့် လေ့လာရေးယာဉ်နဲ့ မြေပြင်မှာရှိတဲ့ ထိန်းချုပ်ရေးအဖွဲ့တို့အတွက် ဦးစားပေးလုပ်ဆောင်ရ မယ့်အရာတွေမှာ လရဲ့ ကြိမ်နှုန်းနိမ့်ရေဒီယို၊ မြေဆွဲအားနည်းပါးတဲ့နေရာမှာ အပင်တွေရှင်သန်မှုနဲ့ ဝန်ရိုးစွန်းတွေမှာ ရေ ဒါမှမဟုတ် အခြားသော အရင်းအမြစ်တွေ ရှိနေမနေဆိုတဲ့ စမ်းသပ်မှုတွေပဲ ဖြစ်တယ်လို့ CNN က ဆိုပါတယ်။
အချက်ပြမှုတွေဟာ လကိုဖြတ်ကျော်ပြီး Chang’e 4 ဆင်းသက်ရာနေရာကို ရောက်ရှိနိုင်မှာ မဟုတ်တာကြောင့် ထပ်ဆင့်ဂြိုဟ်တုကသာ သူ့ရဲ့တခုတည်းသော ဆက်သွယ်ရေး နည်းလမ်း ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအခြေအနေကပဲ စိတ်ဝင်စားဖွယ်ကောင်းတဲ့ စူးစမ်းမှုများစွာကို ပြုလုပ်နိုင်မှာဖြစ်ကာ ယင်းအခြေအနေက တရုတ်နိုင်ငံရဲ့ အနာဂတ်စီမံကိန်းတွေအတွက် ကောင်းမွန်တဲ့ လမ်းကြောင်းတွေ ကိုဖြစ် စေလိမ့်မယ်လို့လဲ CNN ကဆက်လက်ဖော်ပြပါတယ်။
တရုတ်အာကာသစီမံကိန်းရဲ့ နောက်ဆုံးသော လစူးစမ်းရေးယာဉ် ယူတူ (Jade Rabbit) ဟာ တရုတ်နိုင်ငံကို အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ပြီးနောက် တတိယမြောက်လပေါ်ကို စူးစမ်းရေး ယာဉ်စေလွှတ်နိုင်တဲ့ နိုင်ငံအဖြစ် သမိုင်းမှတ်တမ်းဝင်စေတဲ့ ၂၀၁၆ ခုနှစ်နောက်ပိုင်းကတည်းက လုပ်ငန်းဆောင်ရွက်နိုင်တော့ခြင်း မရှိတော့ကြောင်းလည်း သတင်းကဆိုပါတယ်။
ယူတူရဲ့ စူးစမ်းရေးခရီးစဉ်က Chang’e 4 ကို ဖန်တီးအတွက် အရေးပါတဲ့ အချက်အလက်တွေကို ရရှိစေခဲ့ပြီး Chang’e 4 ယာဉ်မှာ ယူတူမှာအသုံးပြုခဲ့တဲ့ ပစ္စည်းအချို့ပါဝင်တယ်လို့ တရုတ်နိုင်ငံရဲ့ လပေါ်စူးစမ်းလေ့လာရေး အစီစဉ်ဒီဇိုင်နာချုပ် ဝူဝိုင်ရန်က ပြောတယ်လို့လည်း CNN သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago