ရွှံ့စေးဖြူခဲ

March 7, 2019

စားနပ်ရိက္ခာ ရှားပါးခြင်းကြောင့် ရွှံ့စေးဖြူခဲများ စားသုံးနေရသည့် ဟေတီပြည်သူများ (ရုပ်သံ)

ဟေတီနိုင်ငံမှာ ဆင်းရဲနွမ်းပါးပြီး စားနပ်ရိက္ခာ ရှားပါးတာကြောင့် ပြည်သူတွေဟာ အသက်မွေးဝမ်းကြောင်းအတွက် ရွှံ့စေးဖြူခဲတွေကို မှီခိုနေရပါတယ်။ ဟေတီနိုင်ငံမှာ ဆင်းရဲပြီး စားနပ်ရိက္ခာ ရှားပါးတာကြောင့် ပြည်သူတွေဟာ သန့်စင်တဲ့ ရွှံ့စေးဖြူတွေကို ကိတ်မုန့်ပုံလုပ်ပြီး ဈေးထဲမှာ ပြန်ရောင်းသလို ကိုယ်တိုင်လည်း စားသုံးကြပါတယ်။ မြို့တော် ပေါထ့်အော့ပရင်စ့်မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီး လူဝီဆာနာ ဂျိုးဆက်ဟာ ရွှံ့စေးဖြူတွေကို ကိတ်မုန့်ပုံလုပ်ပြီး ဈေးထဲမှာ ပြန်ရောင်းပါတယ်။ ဂျိုးဆက်နဲ့ သူ့ရဲ့အိမ်နီးချင်းတွေဟာ ရွှံ့စေးဖြူတွေကို သန့်စင်အောင် နာရီပေါင်းများစွာ လက်နဲ့နယ်ရပါတယ်။ ပြီးရင် ကိတ်မုန့်အဝိုင်းပုံစံလုပ်ပြီး နေပူထဲမှာ အခြောက်လှန်းကြတာပါ။ သူတို့ဟာ နေ့စဉ် ရွှံ့စေးဖြူကိတ်တွေကို အခု ၅၀၀ လောက်လုပ်ပြီး ဗိုက်ဆာလာရင်လည်း ဒါတွေကိုပဲ စားကြရပါတယ်။ ဈေးရောင်းကောင်းရင် တနေ့တည်းကို ရွှံ့စေးဖြူကိတ် ၂၅၀ လောက် ရောင်းရပေမယ့် မကြာသေးခင်ရက်တွေက ပဋိပက္ခတွေ ပြန်ပြီး မြင့်တက်လာတာကြောင့် သူတို့ဟာ ဈေးထဲသွားဖို့ စိုးထိတ်နေရပါတယ်။ ဒေသခံအမျိုးသမီး လူဝီဆာနာ ဂျိုးဆက်က “ကျမ ရွှံ့စေးဖြူတွေကို စားတယ်။ ဘာလို့လဲဆိုတော့ ဆန်ဝယ်ဖို့ မတတ်နိုင်ပါဘူး။ ဆန်ဝယ်ဖို့လည်း ပိုက်ဆံအလုံအလောက် မရှိဘူး။ ရွှံ့စေးဖြူအခဲရောင်းဖို့ ဈေးထဲသွားတဲ့ ကျမအမ သေနတ်နဲ့ပစ်ခံရလို့ ဆေးကုနေရတယ်။ အဲဒါကြောင့် ကျမလည်း သွားမရောင်းရဲဘူး။ ဈေးမထွက်ရတော့ စားစရာလည်းမရှိဘူး။ ကျမတို့တွေ ဆာလောင်နေရပါတယ်” လို့ ပြောပါတယ်။ ဟေတီနိုင်ငံမှာ သန့်စင်တဲ့ ရွှံ့ဆေးဖြူကို အရုပ်၊ ပန်းကန်ပြားတွေ လုပ်တဲ့နေရာမှာ သုံးသလို ပေါင်ဒါအဖြစ်လည်း အမျိုးသမီးတွေ သုံးကြပါတယ်။ ဒါ့အပြင် နေမကောင်းရင် ရေဖော်ျပြီး ဆေးအဖြစ်သောက်ကြသလို အသားအရေ ထိန်းသိမ်းဖို့အတွက်လည်း သုံးကြတယ်လို့ ဂျိုးဆက်က ပြောပါတယ်။ ဟေတီနိုင်ငံဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေ၊ ပြည်ပ ကြားဝင်စွက်ဖက်တာတွေအပြင် နိုင်ငံရေးမတည်ငြိမ်မှုဒဏ်ကို နှစ်ရှည်ခံစားနေရတာပါ။ ဟေတီနိုင်ငံ လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်းကျော်ဟာ အာဟာရချို့တဲ့နေကြတယ်လို့ ကုလသမဂ္ဂ၊ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့သုံးနှစ်က ငွေကြေးဖောင်းပွလာတာကြာင့် အစားအစာနဲ့ လောင်စာဆီဈေးတွေ မြင့်တက်ခဲ့လို့ ပြည်သူတွေ ပိုကျပ်တည်းခဲ့ရပါတယ်။ ဟေတီနိုင်ငံဟာ လက်တင်အမေရိကရဲ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်ပါတယ်။
2 years Ago
Up