ရွှန်းလဲ့မော်ဦး

June 9, 2015

ဆီးဂိမ်းပြိုင်ပွဲဝင် အသက်အငယ်ဆုံး မြန်မာရေကူးမယ် ရွှန်းလဲ့မော်ဦးနှင့် တွေ့ဆုံစဉ်

အသက် ၁၀ နှစ်အရွယ် ကလေးငယ် အများစုအတွက်တော့ အိပ်မက်ဟာ သူတို့မွေးနေ့မှာ လိုချင်တဲ့အရာတွေ ဖြစ်လာဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာရေကူးမယ် ရွှန်းလဲ့မော်ဦးကတော့ အဲဒီလို မဟုတ်ပါဘူး။ “မွေးနေ့အတွက် ဘာမှလိုချင်တာမရှိပါဘူး။” လို့ သူမက အခိုင်အမာပြောပါတယ်။ ဇွန်လ ၉ ရက်နေ့မှာ သူ့အသက် ၁၁ နှစ်ပြည့်ပေမယ့် ရွှန်းလဲ့မော်ဦးအတွက် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်နိုင်ဖို့ အာရုံစိုက်ရပါဦးမယ်။ “သူတို့က အရမ်းမြန်ပါတယ်။ သမီးက အနှေးဆုံးတယောက်ပါ။ ဒါပေမယ့် နောက်ဆုံး အနှေးဆုံးတယောက်ထက်တော့ ပိုသာအောင် လုပ်ပြချင်ပါတယ်။” လို့ သူမက ပြောပါတယ်။ သူမက ပြီးခဲ့တဲ့ မီတာ ၁၀၀ အမျိုးသမီး အလွတ်ကူးပြိုင်ပွဲမှာ စံချိန် ၁ မိနစ် ၆.၅၆ စက္ကန့်ရရှိပြီး ပြိုင်ပွဲဝင် ၁၄ ယောက်ထဲမှာ အဆင့် ၁၃ နေရာက ရပ်တည်နိုင်ခဲ့ပါတယ်။ သူမက စိုးရိမ်စိတ်ရှိတယ်လို့ ၀န်ခံထားပေမယ့် “အဲဒါက သိပ်အရေးမကြီးပါဘူး။ ဖြစ်နေကျပါ။” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မီတာ ၂၀၀ တဦးချင်းပြိုင်ပွဲမှာ နောက်ဆုံးအဆင့်သာ ရရှိခဲ့လို့ ဒါဟာ သူ့အတွက်တော့ အရင်ပြိုင်ပွဲထက် တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ အသက်အငယ်ဆုံး ရေကူးသမားတယောက်အတွက် အသက်အရွယ်က အခက်အခဲ အတားအဆီးတခုတော့ မဟုတ်ပါဘူး။ တကယ်တော့ မိဘတွေမပါဘဲ လာခဲ့ရတဲ့ ရွှန်းလဲ့မော်ဦးအတွက် ဒီခရီးက စိုးရိမ်စိတ်တွေရှိနေမှာ အမှန်ပါပဲ။ သူမအတွက် ဒါက ပထမအကြိမ် မဟုတ်ပါဘူး။ သူမဟာ ဒီနှစ်အစောပိုင်း မတ်လတုန်းကလည်း စင်ကာပူမှာ ကျင်းပခဲ့တဲ့ အငယ်တန်း ရေကူးချန်ပီယံပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး သက်တမ်းအလိုက် ပြိုင်ပွဲတွေမှာ ပထမရခဲ့ဖူးပါတယ်။ ရွှန်းလဲ့မော်ဦးက အသက် ၇ နှစ်အရွယ်ကတည်းက ရေကူးအားကစားကို စတင်ခဲ့တာဖြစ်ပြီး သူမရဲ့ နေ့စဉ် ရေကူးလေ့ကျင့်ချိန်က မနက် ၆ နာရီက ၉ နာရီထိတကြိမ်၊ ညနေကျောင်းဆင်းချိန် ၄ နာရီက ၆ နာရီခွဲထိ တကြိမ်ပါ။ ဒါတွေအားလုံးဟာ သူမရဲ့ဖခင် မြန်မာပြည်မှာ ရေကူးကန်တခု ဖွင့်လှစ်ချိန်ကစလို့  စတင်ခဲ့တာဖြစ်ပြီး သူမအဖေရဲ့ ရေကူးကန်မှာ ကျင်းပခဲ့တဲ့ သက်တန်းအလိုက် ပြိုင်ပွဲတချို့မှာ သူမ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ တခြား ၁၀ နှစ်အရွယ် ကလေးတွေလိုပဲ ရွှန်းလဲ့မော်ဦးက “သမီး တီဗွီကြည့်ရတာရယ်၊ စာဖတ်တာရယ်၊ သီချင်းနားထောင်ရတာတွေကို ကြိုက်တယ်။” လို့ ရယ်ရယ်မောမော ပြောပါတယ်။ ကျောင်းမှာ သူအနှစ်သက်ဆုံး ဘာသာရပ်က သင်္ချာဖြစ်ပြီး ကာယမဟုတ်ဘူးလို့လည်း ဆိုပါသေးတယ်။ “အရမ်းပင်ပန်းလို့။ ကောင်းကောင်းမလေ့ကျင့်နိုင်ဘူး။” အနာဂတ်မှာ အကောင်းဆုံး ကြိုးစားနိုင်စေဖို့နဲ့ ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေလို့ အားလုံးက ဆုတောင်းပေးပါတယ်။ မြတ်နိုးအောင် ကိုးကား။  ။ ( seagames2015.com ပါ  ယူဖီဖန်းနဲ့ ရှန်တဲယ်နီရိုတို့ ရေးသားထားသည့်  သတင်းဆောင်းပါးကို ဘာသာပြန် ဖော်ပြသည်။)
6 years Ago
Up