ရှေ့နေ ၂ ဦး

November 12, 2019

ထိုင်းနိုင်ငံ တရားခွင်တွင် အမှုသည်အငြိမ်းစားရဲမှူးကြီးက ရှေ့နေ ၂ ဦးကို ပစ်သတ်

ထိုင်းနိုင်ငံအရှေ့ပိုင်း ကျန်ထဘူရီခရိုင်တရားရုံးထဲမှာ ဒီနေ့မနက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ရှေ့နေ ၂ ဦး အပါအဝင်  ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။ ဒီမနက် ၉ နာရီလောက်က အဆိုပါ တရားရုံးရဲ့ ခုံရုံးထဲမှာ တရားသူကြီးနဲ့ ရှေ့နေတွေက မြေကွက်အမွေခွဲဝေမှုနဲ့ပတ်သက်တဲ့ အမှုတခုကို ကြားနာစစ်ဆေးနေစဉ် အမှုသည် အငြိမ်းစားရဲအရာရှိက တရားပြိုင်ကို ပစ်ခတ်ခဲ့တာလို့ အခင်းဖြစ်ရာ သွားရောက်စစ်ဆေးခဲ့တဲ့ ထိုင်းအမျိုးသား ဒုရဲချုပ် ကျကထစ်ချိုင်းကျင်းဒါးက သတင်းထောက်တွေကို ပြောပါတယ်။ အဆိုပါ မြေကွက်အမွေဆိုင်အမှုနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် တရားရင်ဆိုင်လာတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ဖြစ်ကြောင်း ၊ ဒီမနက်က အမှုသည်ဖြစ်တဲ့ အငြိမ်းစား ရဲမှူးကြီး ထားရင်း ကျန်ထရာထစ် (၆၇ နှစ်)က  အမှုရင်ဆိုင်ဘက် ရှေ့နေ နိုင်းဘန်းချားပါရမီနဲ့ သူ့ဇနီး နန်းဆုဖားဖွန်းပါရမီတို့ကို ပါလာတဲ့ သေနတ်နဲ့ စတင်ပစ်ခတ်လိုက်တာ ဖြစ်ပါတယ်။ ခုံရုံးထဲမှာ ပစ်ခတ်မှုဖြစ်လို့ လုံခြုံရေးရဲတပ်ဖွဲ့က အမှုသည်ရဲမှူးကြီး ထားရင်းကို ပစ်ခတ်ဟန့်တားခဲ့ရတယ်။ အဲဒီပစ်ခတ်မှုကြောင့်  လူ ၅ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံရောက်တော့ ဒဏ်ရာရ ရှေ့နေ ၂ ဦး နဲ့ စတင်ပစ်ခတ်တဲ့ အငြိမ်းစားရဲမှူးကြီးတို့ စုစုပေါင်း ၃  ဦး သေဆုံးသွားခဲ့ပါတယ်။ အပစ်ခံရလို့ သေဆုံးသွားတဲ့ ရှေ့နေရဲ့ ဇနီးသည်ကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ အိုင်စီယူ အရေးပေါ်ခန်းထဲမှာ ဆေးကုသမှုခံယူနေရပါတယ်။ ဒဏ်ရာရသူ နောက်တဦးဖြစ်တဲ့ ရှေ့နေ နိုင်းဝိချိုင်းဥဒုမ်းထနဖတ်ကတော့ အသက်ဘေးကနေ လွတ်မြောက်သွားပါတယ်။ ထိုင်းတရားရုံးထဲမှာ သာမန်အားဖြင့် အမှုသည်တွေကို လက်နက်ယူဆောင်ခွင့် မပြုတာကြောင့် ခုံရုံးထဲ ပစ်ခတ်မှုဖြစ်ရတဲ့အပေါ်  ပြည်သူတွေက မေးခွန်းထုတ်နေပါတယ်။ နယ်မြေမတည်ငြိမ်တဲ့ ထိုင်းတောင်ပိုင်းဒေသမှာတော့ တရားသူကြီးတွေဟာ မိမိအသက်လုံခြုံရေးအရ လက်နက်ကိုင်ခွင့်ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလက ယာလာ ခရိုင်တရားသူကြီး တဦး သူ့ကိုယ်သူ သေနတ်နဲ့ပစ် သေကြောင်းကြံစည်ခဲ့ပါတယ်။ ကိုးကား- Thairath
2 years Ago
Up