ရှုံးပွဲမရှိတဲ့စံချိန်ကျိုး

A d v e r t i s e m e n t With Us

January 7, 2021

အေစီမီလန်အသင်း ဂျူဗင်တပ်စ်ကို (၃-၁) ဂိုးဖြင့် ရှုံးပြီး ၂၇ ပွဲ ဆက်တိုက် ရှုံးပွဲမရှိတဲ့စံချိန်ကျိုး

လက်ရှိ ချန်ပီယံဂျူဗင်တပ်စ်အသင်းက စီရီးအေအမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အေစီမီလန်အသင်းကို ပထမဆုံးသော လိဂ်ရှုံးပွဲကြုံတွေ့စေခဲ့ပြီဖြစ်ပါတယ်။ မနေ့ညက ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီရှုံးပွဲကြောင့် မီလန်အသင်းရဲ့ ၂၇ ပွဲဆက်တိုက်လိဂ် ရှုံးပွဲမရှိတဲ့စံချိန်ဟာ ကျိုးပြတ်သွားခဲ့ပြီလည်းဖြစ်ပါတယ်။  ဒါပေမဲ့ အေစီမီလန်အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းက ဆမ့်ဒိုးရီးယားကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ၁ မှတ်အသာနဲ့ဆက်လက်ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။  အေစီမီလန်အသင်းဟာ ကိုရိုဗိုင်းရပ်စ်လော့ဒေါင်းမစတင်ခင် မတ်လကတည်းက ရှုံးပွဲ မရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၂ ပွဲဆက်အနိုင်ရလဒ်နဲ့  အဆင့် ၆ နေရာကို ရရှိခဲ့ကာ အခုရာသီမှာတော့ ၁၅ ပွဲဆက်တိုက် မရှုံးနိမ့်သေးတာဖြစ်ပါတယ်။  မနေ့ညကပွဲမှာ ဂျူဗင်တပ်စ်ကစားသမားသစ် ဖက်ဒရီစီယိုချီဆာက အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို ၁၈ မိနစ်နဲ့ ၆၂ မိနစ်တို့မှာသွင်းယူပေးခဲ့တာဖြစ်ပြီး ဝတ်စ်တန်မက်ကန်နီးက နောက် ထပ်ဂိုးကို သွင်းယူခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ လက်ရှိချန်ပီယံကို အားထားရတဲ့ တိုက်စစ်မှူးအီဗရာ ဟီမိုဗစ်မပါဘဲ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကာလာဘရီရာက မီလန်အသင်းအတွက် တစ်လုံးတည်း သော ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။  ဒီပွဲမှာ အေစီမီလန်အသင်းဟာ အားထားရတဲ့ ကစားသမားတော်တော်များများကို ဆုံးရှုံးထားခဲ့ရတာဖြစ်ပြီး တိုက်စစ်မှူး ရီဘစ်နဲ့ ကွင်းလယ်လူ ခရူနစ်တို့ဟာ ပွဲမစခင်နာရီပိုင်းအလို မှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိ ခဲ့ရတာကြောင့် ဒီပွဲကို လွဲချော်ခဲ့ရပါတယ်။ အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် အီဗရာဟီမိုဗစ်ကိုလည်း ဒဏ်ရာကြောင့် သီတင်းပတ် ၈ ပတ်လောက်လက်လွှတ်ရဦးမှာဖြစ်သလို ဘန်နာဆာ၊ ဆယ်လီမက်ကာတို့ မပါဝင်နိုင်ချိန်မှာ ဆန်ဒရိုတိုနာလီဟာလည်း ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်နေရပါတယ်။  ဒီပွဲကို ဂျူဗင်တပ်စ်အသင်းရဲ့ အဲလက်ဆန်ဒရိုနဲ့ ဂျူအန်ကွာဒရာဒိုတို့ဟာလည်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့်လွဲချော်ခဲ့ပါတယ်။  မီလန်အသင်းကို အနိုင်ရရှိခဲ့မှုကြောင့် ပီယာလိုရဲ့ ဂျူဗင်တပ်စ်အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး တစ်ပွဲလျော့ကစားကာ ထိပ်ဆုံးက မီလန်အသင်းနဲ့ ၇ မှတ်အကွာကို ရောက်ရှိနေပါတယ်။ 
2 months Ago
Up