ရှုံးထွက်ပွဲ

A d v e r t i s e m e n t With Us

December 17, 2019

ချန်ပီယံလိဂ် ရှုံးထွက်ပွဲတွင် လီဗာပူးနှင့် အက်သလက်တီကို ပြိုင်ဆိုင်မှု ပြင်းထန်နိုင်

ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ လီဗာပူးအသင်းနဲ့ တွေ့ဆုံနေတာဟာ အက်သလက်တီကို နည်းပြ ဒီယေဂိုဆမ်မြူနီအနေနဲ့ ပျော်ရွှင်နေမှာ မဟုတ်လောက်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ပထမအကျော့ပွဲစဉ်ကို အက်သလက်တီကို အိမ်ကွင်းမှာ သွာရောက်ကစားရမှာ ဖြစ်ပြီးတော့ သူတို့အသင်းဟာ ဒီကွင်းကြီးထဲမှာပဲ ပြီးခဲ့တဲ့နှစ်တုန်းက စပါးအသင်းကို အနိုင်ရကာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ “ဒါဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ မဲခွဲမှုပါပဲ။ မဲမခွဲခင်ကတည်းက ကျနော့်စိတ်ထဲမှာ မက်ဒရစ်အသင်း နှစ်သင်းထဲက တသင်းနဲ့ ဆုံတွေ့နိုင်တယ်” လို့ ကမ္ဘာ့ကလပ်များ ဖလားပြိုင်ပွဲအတွက် ကာတာကို ရောက်ရှိနေတဲ့ ကလော့က ပြောပါတယ်။  “မက်ဒရစ်မြို့ဟာ ကျနော်တို့အတွက်တော့ တကယ်ကိုကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကျနော်တို့ဟာ ကွင်းပိုင်ရှင်အသင်းနဲ့ သွားရောက်ကစားရမှာပဲ ဖြစ်ပါတယ်။ မဲခွဲမှုကို ကြည့်မယ်ဆိုရင်ဒီ ၁၆ သင်းထဲမှာ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်သွားဖို့ အလားအလာကောင်းတွေရှိနေတဲ့ လေး ငါး ခြောက်သင်းလောက်ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒါဟာ တကယ်ကိုကောင်းတဲ့ မဲခွဲမှု ဖြစ်ပါတယ်။ ကျနော့်အထင်တော့ မစ္စတာဆမ်မြူနီလည်း လီဗာပူးနဲ့ တွေ့ရလို့ သူ့အခန်းကို ပတ်ပြေးပြီး အောင်ပွဲခံနေမှာ မဟုတ်လောက်ပါဘူး” လို့ ကလော့က ပြောပါတယ်။  ဆမ်မြူနီလက်ထက်မှာ အက်သလက်တီကိုအသင်းဟာ ဥရောပအသင်းကြီးစာရင်းဝင် အသင်းတသင်းအဖြစ် သိသိသာသာ တိုးတက်မှု ရှိလာခဲ့တာကြောင့် ဒီနှစ်သင်းရဲ့ တွေ့ဆုံမှုဟာ ထင်ထားတာထက်ကိုပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ ရှိနေပါတယ်။ မဲခွဲမှု ရလဒ်တွေအရ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ မန်စီးတီး၊ စပါးအသင်းနဲ့ လိုက်ပစ်ဇ်၊ အတ္တလန္တာနဲ့ ဗလင်စီယာ၊ နာပိုလီနဲ့ ဘာစီလိုနာ၊ ဒေါ့မွန်နဲ့ ပီအက်စ်ဂျီ၊ လိုင်ယွန်နဲ့ ဂျူဗင်တပ်စ်၊ ချဲလ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ တွေ့ဆုံနေခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေဟာ တခြားရာသီတွေထက် ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းနေမှာ ဖြစ်ပါတယ်။
1 year Ago
Up