ရှုတ်ချ

September 15, 2021

မြန်မာအာဏာသိမ်းစစ်အုပ်စုကို နိုင်ဂျီးရီးယားအလုပ်သမားကွန်ဂရက် ရှုတ်ချ

မြန်မာနိုင်ငံမှာ ဆက်ရှိနေတဲ့ စစ်အုပ်ချုပ်ရေးကို ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံတကာဒီမိုကရေစီစနစ်ကို ဖျက်ဆီးတာဖြစ်တယ်လို့ နိုင်ဂျီးရီးယားအလုပ်သမားကွန်ဂရက် (NLC) က ဝေဖန်လိုက်ပါတယ်။ 

မြန်မာစစ်တပ် အုပ်ချုပ်သူတွေဟာ နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဆက်လက်တည်တံ့အောင်လုပ်နေတာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းကတည်းက လူ ၁၀၀၀ ကျော်သေဆုံးပြီး  အရပ်သားပြည်သူ ၅၀၀၀ ကျော် အဖမ်းခံထားရတယ်လို့ NLC ဥက္ကဋ္ဌ အဘူယာဝက်ဘေရဲ့ စက်တင်ဘာ ၁၄ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့  အလုပ်သမား ၃ သိန်းကျော်လည်း အလုပ်ပြုတ်သွားခဲ့ရပြီး လူပေါင်း ၁၇၅၀၀၀  ကျော်ဟာ  အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရပါတယ်။ 

အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ တတိယလှိုင်းက မိသားစု ၈၃ ရာခိုင်နှုန်းရဲ့ ၀င်ငွေကို ထက်ဝက်ကျဆင်းစေခဲ့ပြီး အခုဆိုရင် မြန်မာနိုင်ငံက လူ ၂၅ သန်းကျော်ဟာ အကြွင်းမဲ့ ဆင်းရဲတွင်းထဲ ရောက်နေရတယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးကပ်ဆိုးကို အဆုံးသတ်ဖို့ စစ်တပ်ကအာဏာသိမ်းတာကို အမြန်ဆုံးအရေးယူဖို့ နိုင်ဂျီးရီးယားအစိုးရကို တောင်းဆိုပါတယ်။

နိုင်ဂျီးရီးယားက အလုပ်သမားအဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ဖို့နဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ပြန်လည်ထူထောင်ဖို့ မြန်မာနိုင်ငံရှိ အာဏာဖီဆန်ရေး စီဒီအမ်လှုပ်ရှားမှုနဲ့ အလုပ်သမားသမဂ္ဂလှုပ်ရှားမှုတို့ကို အပြည့်အဝထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

PHOTO- ITUC-Africa

1 month Ago

March 29, 2021

ကလေးများနှင့် အရပ်သားများကို မြန်မာစစ်တပ်က သတ်ဖြတ်မှု ကုလအတွင်းရေးမှူးချုပ် အပြင်းထန်ဆုံး ရှုတ်ချ

မြန်မာနိုင်ငံမှာ စစ်တပ်က ကလေးတွေနဲ့ လူငယ်တွေအပါအဝင် အရပ်သားတွေကို သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရပ်စ်က   အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့  တပ်တွေက ပစ်ခတ်သတ်ဖြတ်လို့  လက်နက်မဲ့ပြည်သူ အယောက် ၁၀၀ ကျော် သေဆုံးခဲ့ပြီးနောက်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး  ထုတ်ပြန်ကြေညာလိုက်တာပါ။

စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုတွေ အရင်လက စတင်ခဲ့တဲ့နောက်ပိုင်း နေ့စဉ်လူသေဆုံးမှုတွေရှိခဲ့ပြီး  ဒီနေ့ (မတ်လ ၂၇ ) သေဆုံးသူအရေအတွက် အများဆုံး ဖြစ်ခဲ့ပြီး ဒီလို စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ ဆက်တိုက်ပြုလုပ်နေတာကို  လုံးဝလက်သင့်ခံနိုင်စရာ မရှိတဲ့အတွက် နိုင်ငံတကာက တစ်စုတစည်းတည်း ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တုံ့ပြန်ဆောင်ရွက် ကြဖို့ အတွင်းရေးမှူးချုပ်ကတောင်းဆိုပါတယ်။

မြန်မာပြည် အကျပ်အတည်းအခြေအနေကို အဆောတလျင်အဖြေရှာကြဖို့ အလွန်ပင် အရေးကြီးနေပြီ ဖြစ်ကြောင်း စစ်တပ်အား အကြမ်းဖက်မှုနဲ့ ဖိနှိပ်မှုတွေ မပြုလုပ်ဖို့ အရေးတကြီး တောင်းဆိုထားပြီးဖြစ်ကာ အခုနောက်ထပ်တစ်ကြိမ် ထပ်မံတောင်းဆိုလိုက်တာဖြစ်ပြီး  မြန်မာနိုင်ငံမှာ  ကျူးလွန်နေတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် တာဝန်ရှိသူတွေ  တာဝန်ခံစေဖို့ လုပ်ဆောင်ရမယ်လို့ လည်း အတွင်းရေးမှူးချုပ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

7 months Ago
Up