ရှီယိုက်ဗလီ

October 16, 2021

အာဖဂန်တွင် ရှီယိုက်ဗလီ ပေါက်ကွဲမှုဖြစ်ပြီး ၃၅ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့ရှိ ရှီယိုက်ဗလီတစ်လုံးမှာ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ ၃၅ ဦး သေဆုံးခဲ့ပါတယ်။ 

သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲတွေကို စစ်သွေးကြွတွေက ဒုတိယအပတ်ဆက်တိုက် ဗုံးဖောက်ခွဲခဲ့တာဖြစ်ပြီး လူနည်းစုဘာသာဝင် ဝတ်ပြုသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

ကန်ဒါဟာရဲ့ မီရာဝေးစ်ဆေးရုံမှ ကျန်းမာရေးအရာရှိတစ်ဦးကတော့ သေဆုံးသူ ၃၅ ဦး ကို အတည်ပြုခဲ့ပြီး ဒဏ်ရာရသူ ၆၈ ဦးကို ကုသပေးခဲ့တယ်လို့ ပြောပါတယ်။

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကတော့ ကျူးလွန်သူတွေကိုဖမ်းဆီးပြီး အစ္စလာမ့်ဥပဒေအရ တရားစီရင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားပါတယ်။ 

ကန်ဒါဟာမှာ အောက်တိုဘာ ၁၅ ရက်က တိုက်ခိုက်မှု အတွက် တာဝန်ရှိကြောင်း ဘယ်သူကမှ ချက်ချင်းထုတ်ပြောဆိုခြင်း မရှိသေးပါဘူး။ 

ဒါပေမယ့် အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ဟာ အရင်သီတင်းပတ် အစောပိုင်းက မြောက်ပိုင်းက ခွန်ဒုဇ်မြို့မှာ ရှီးယိုက်အများအပြားသေဆုံးခဲ့တဲ့ အလားတူ ဗုံးပေါက်ကွဲမှုကိုတော့ တာဝန်ခံ ပြောဆို ခဲ့ပါတယ်။ 

တာလီဘန်တွေဟာ တင်းကျပ်တဲ့ ဆွန်နီမွတ်ဆလင်တွေဖြစ်ပေမဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တွေကိုတော့ သူတို့ရဲ့ရန်သူလို့ ယူဆထားပြီး သြဂုတ်လမှာ အမေရိကန်တပ်တွေ ဆုတ်ခွာသွားပြီးနောက် တာလီဘန်တွေ အာဏာရလာတဲ့အခါမှာ တိုင်းရင်းသားတွေနဲ့ လူမျိုးရေးအုပ်စုအားလုံးကို အကာအကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။ 

အခုတိုက်ခိုက်မှုတွေဟာ အာဖဂန်နစ္စတန်ရှိ ရှီးယိုက်လူနည်းစုအဖွဲ့ဝင်တွေအကြား ထိတ်လန့်ကြောက်ရွံ့နေကြပြီး သြဂုတ်လက နိုင်ငံကိုထိန်းချုပ်ပြီးချိန်ကတည်းက လုံခြုံရေး ပြန်လည်ရယူဖို့ အာဏာရတာလီဘန်ဆောင်ရွက်မှုတွေကို အားနည်းသွားစေခဲ့တာပါ။  

3 months Ago
Up