ရှီကျင့်ဖျင်

March 3, 2020

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန် ဆေးဘက်သုတေသနစင်တာများ တည်ထောင်မည်ဟု တရုတ်သမ္မတ ပြော

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာကို ထိန်းချုပ်ဖို့ နိုင်ငံအဆင့် ဆေးဘက်သုတေသနစင်တာတွေကို ဆက်တိုက်တည်ထောင်သွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က မတ် ၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ပေကျင်းမြို့က ဆေးဝါးစင်တာတွေဆီ သွားရောက်ကြည့်ရှုရာမှာ သမ္မတရှီက ကပ်ရောဂါကို အောင်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းဖို့ လိုအပ်နေပြီး အဲဒီအတွက်  တရုတ်နိုင်ငံဟာ နည်းပညာအထောက်အပံ့ပေးရမယ်လို့ ပြောသွားပါတယ်။  ဇီဝလုံခြုံရေးဟာ နိုင်ငံလုံခြုံရေးအတွက် အရေးကြီးတယ်လို့ ရှီက ပြောခဲ့သလို ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် အမျိုးသားအရန်ကာကွယ်ဆေးဌာနတွေ  ထားရှိသင့်တယ်လို့လည်း ရှီက ပြောပါတယ်။  ပျောက်ကင်းနှုန်း မြင့်မားပြီး သေဆုံးနှုန်း လျှော့ချရေးအတွက် ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ သုတေသနဖွံ့ဖြိုးရေးနဲ့ ကုသရေးပိုင်းတွေဟာ အားကောင်းရမယ်လို့လည်း သမ္မတရှီက ထပ်ပြောသွားခဲ့တယ်လို့လည်း စီစီတီဗွီသတင်းက ထုတ်လွှင့်သွားပါတယ်။
1 year Ago

December 17, 2019

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်ကို တွေ့ဆုံချီးကျူး

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဟောင်ကောင်ခေါင်းဆောင်  ကယ်ရီလမ်နဲ့ မြို့တော် ပေကျင်းမှာ ဒီဇင်ဘာ ၁၆ ရက်က တွေ့ဆုံပြီး အခက်အခဲဆုံးအချိန်မှာ ဟောင်ကောင်ကို အုပ်ချုပ်နိုင်တဲ့ကယ်ရီလမ်ရဲ့သတ္တိကို အသိမှတ်ပြုတယ်လို့ ပြောကြားခဲ့ပါတယ်။ ၂၀၁၉ အတွင်း ဟောင်ကောင် အခြေအနေဟာ အရှုပ်ထွေး အခက်ခဲဆုံး ဖြစ်ပြီး တရုတ်အစိုးရအနေနဲ့  တရားဥပဒေစိုးမိုးရေး လုပ်နေတဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ကို မမှိတ်မသုန် ထောက်ခံတယ်လို့ သမ္မတရှီက ပြောပါတယ်။ ဗြိတိသျှကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ အဆိုးရွားဆုံး နိုင်ငံရေးအကျပ်အတည်း  ၇ လမြောက်ကို ရောက်ချိန်မှာပဲ ဟောင်ကောင်ခေါင်းဆောင် လမ်နဲ့ တရုတ်သမ္မတတို့ တွေ့ဆုံခဲ့တာပါ။  ဟောင်ကောင်အရေးနဲ့ပတ်သက်လို့ လမ်နဲ့ ရှီတို့ တွေ့ဆုံဆွေးနွေးပွဲကနေ အစိုးရအဖွဲ့ အပြောင်းအလဲ အပါအဝင် လမ်းညွှန်ချက်သစ်တွေ ပေါ်ထွက်လာနိုင်တယ်လို့  ဟောင်ကောင် မီဒီယာတွေက ခန့်မှန်းထားပါတယ်။ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ် နေရာမှာ တခြားအယောက် အစားထိုးနိုင်တယ်လို့  အစောပိုင်းမှာ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် တရုတ်သမ္မတ ရှီကတော့ လမ်ကို ဆက်ထောက်ခံ အားပေးတယ်လို့ ပြောကြားခဲ့ပါတယ်။   ဓာတ်ပုံ- Xinhua
1 year Ago
Up