ရှိ၊ မရှိ စစ်ဆေး

March 21, 2020

မော်လမြိုင်တွင် ထိုင်းမှ ပြန်လာသူများကို ကိုရိုနာရှိ၊ မရှိ စစ်ဆေး

ထိုင်းနိုင်ငံက ပြန်လာသူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ ရှိ၊ မရှိ  မော်လမြိုင်မြို့ဝင်ဂိတ်တွေမှာ အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့က မတ် ၂၁ ရက်စပြီး စစ်ဆေးနေပါတယ်။  ဒီလို စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာတွေနဲ့ ချောင်းဆိုးတာအပြင် အသက်ရှူကြပ်ခြင်း  ရှိ၊ မရှိကို အဓိထား စစ်ဆေးနေတာလို့ မော်လမြိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးဇာနည်ဦးက ပြောပါတယ်။ အခုလို စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာတွေ တွေ့ရှိရင် မော်လမြိုင်ပြည်သူ့ဆေးရုံမှာ စောင့်ကြည်လူနာအဖြစ် ထားရှိသွားဖို့ စီစဉ်ထားပြီး ဆေးရုံပို့ဖို့ သီးသန့်ကားတွေလည်း အသင့်ပြင်ထားတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းက ပြောပါတယ်။ ထိုင်းက ပြန်လာသူတွေကို စစ်ဆေးရာမှာတော့ ပြန်လာတဲ့သူရဲ့နာမည်၊ နေရပ်လိပ်စာနဲ့ ခရီးသွားမှတ်တမ်း အသေးစိတ်ကို ရယူထားပြီး  ဒီစစ်ဆေးမှုတွေကို နေ့စဉ် ဆောင်ရွက်သွားမယ်လို့ ကျိုက်ဖနဲ အမှတ် (၁၆) အရေးပေါ် ကယ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောပါတယ်။ ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်  စစ်ဆေးမှုကို အင်အားပိုပါက ညဘက်တွေမှာပါ လုပ်ဆောင်သွားဖို့ ရှိနေတာပါ။  ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေဟာ မတ်နဲ့ ဧပြီလတွေမှာ မြန်မာနိုင်ငံကို အများဆုံး ပြန်လာလေ့ရှိပါတယ်။  လက်ရှိမှာတော့ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်က ယာယီနယ်စပ်ဂိတ်တွေနဲ့ ပရကျွပ်ခီရီခန်ခရိုင်အတွင်းက နယ်စပ်ဂိတ်တွေအားလုံးကို မတ်လ ၂၁ ရက်ကနေ ဧပြီလ ၃ ရက်အထိ ပိတ်ထားလိုက်ပြီလို့ ထိုင်းနိုင်ငံ ပရကျွပ်ခီရီခန်ခရိုင်ဝန်က အမိန့်ထုတ်ပြန်လိုက်ပါတယ်။  ဖုနမ်းရွန်း-ထီးခီးဂိတ်၊ ဘုရားသုံး ဆူယာယီဂိတ်နဲ့ စင်ခွန်းအထူးယာယီဂိတ်တွေကို သတ်မှတ်ထားတဲ့ကာလအတွင်း လူ၊ ယာဉ်နဲ့ ပစ္စည်း အဝင်အထွက် သွားလာမှုတွေအားလုံးကို ပိတ်လိုက်တာပါ။
2 years Ago
Up