ပြည်ပသွားရောက် အလုပ် လုပ်ကိုင်သူတွေများတာကြာင့် မွန်ရိုးရာ အထည်ချုပ် လုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးတဲ့ ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
မွန်ပြည်နယ်မှာ လူဦးရေ ၂ သန်းကျော် ရှိနေတာဖြစ်ပြီး အဲဒီထဲက လူဦးရေ ၄ သိန်းကျော်ဟာ ထိုင်းနိုင်ငံ အပါအဝင် မလေးရှားနိုင်ငံတို့မှာ အများဆုံး သွားရောက် အလုပ် လုပ်ကိုင်နေကြတယ်လို့ ၂၀၁၄ ခုနှစ်က ထုတ်ပြန်ထားတဲ့ သန်းခေါင်စာရင်းတွေမှာ ဖော်ပြထားပါတယ်။
အခုလို ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်မှုတွေကြောင့် မွန်ရိုးရာ အထည်ချုပ် လုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးတဲ့ ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ဝီမွန်အထည်ချုပ်စက်ရုံ လုပ်ငန်းရှင် ဦးမင်းဇော်နိုင်ဦးက ပြောပါတယ်။
အခုအခါ မွန်ရိုးရာ အထည်ချုပ်လုပ်ငန်းတွေမှာ အလုပ်သမားတွေကို ကျွမ်းကျင်မှုအပေါ် မူတည်ပြီး တဦးကို ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ အထိ ပေးထားပေမယ့် အလုပ်သမား မမြဲတဲ့ ပြဿနာကို ရင်ဆိုင်နေကြရတာပါ။
အလုပ်သမားတွေဟာ လုပ်ငန်းကျွမ်းကျင်လာတာနဲ့ ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်တာတွေ ရှိနေတယ်လို့ ပန်းချယ်ရီ ကွန်ပျူတာစက်ပန်းထိုးလုပ်ငန်းရှင် ဦးသိန်းဇံက ပြောပါတယ်။
ဒါ့အပြင် မွန်ရိုးရာ အထည်ချုပ်လုပ်ငန်းတွေဟာ ဈေးကွက် ရရှိရေးအတွက် မနည်း ကြိုးပမ်းနေတဲ့အတွက်ကြောင့် အလုပ်သမားတွေကို ဈေးပိုပေးဖို့ အခက်အခဲ ရှိပေါတယ်။
မွန်ပြည်နယ် အစိုးရအဖွဲ့ကတော့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ INGO NGO တွေ ပူးပေါင်းပြီး သက်မွေးဝမ်းကြောင်း သင်တန်းတွေကို ပြည်နယ်တဝှမ်းမှာ ဖွင့်လှစ်သင်ကြားပေးထားပါတယ်။ အဲဒီထဲကနေ အလုပ်သမား ၆၀၀၀ နီးပါးကို မွေးထုတ်ပေးထားတယ်လို့ ဆိုထားပါတယ်။
ဇော်လွင်ထွဋ်
3 years Ago