ရှားတောမြို့နယ်

November 6, 2020

ကယားလွှတ်တော်ဥက္ကဋ္ဌကို ထောက်ခံဝန်;ရံသူများ စီတန်းလှည့်လည်

ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးကို ထောက်ခံဝန်ရံသူတွေက ရှားတောမြို့နယ်မှာ နိုဝင်ဘာ ၅ ရက်နေ့က မဲဆွယ်စည်းရုံးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဦးလှထွေးဟာ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒ ၂  တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီပါတီက ဒေါ်နော်ဆဲဂေထူး၊ KySDP ကစိုင်းအုန်းမြင့်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒေါ်ခင်မာဝင်း၊ UBP ပါတီက ဦးအောင်စိုးနဲ့ NDF ပါတီက ဦးမောင်မောင်သန့်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဦးလှထွေးဟာ  ၂၀၁၅ ရွေးကောက်ပွဲတုန်းက အဆိုပါ မဲဆန္ဒနယ်မြေမှာပဲ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်အနေနဲ့ အနိုင်ရခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို အယုံအကြည်မရှိကြောင်း ကယားပြည်နယ်လွှတ်တော်မှာ စက်တင်ဘာ ၁ ရက်က ထောက်ခံမဲအများစုနဲ့ စွပ်စွဲပြစ်တင်  မဲခွဲဆုံးဖြတ်ပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ သမ္မတက ဦးအယ်လ်ဖောင်းရှိုကို ဝန်ကြီးချုပ်ရာထူးကနေ  ရပ်ဆိုင်းခဲ့ပါတယ်။ ဒီပေါ်မှာ ပြည်နယ်လူထုတွေက ဦးလှထွေးကို ဝေဖန်မှုတွေရှိနေသလို ထောက်ခံသူတွေလည်း ရှိခဲ့ပါတယ်။ ကယားပြည်နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦးအပါအဝင်  နိုင်ငံရေးပါတီ ၁၂ ပါတီမှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၃၂ ဦး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- SEIN WIN  
5 months Ago

May 18, 2020

ရှားတောမြို့နယ်တွင် တပ်ပြောင်းချိန် အချက်ပြပစ်ခတ်ခဲ့ဟု ကေအန်ပီပီပြော  

ကယားပြည်နယ်၊ ရှားတောမြို့နယ် အလယ်ပိုင်းကျေးရွာအုပ်စုမှာ ပစ်ခတ်မှု တခုဖြစ်ပွားခဲ့ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)က တပ်တွေအပြောင်းအလဲ လုပ်ချိန်မှာ အချက်ပြတဲ့အနေနဲ့ ပစ်ခတ်ခဲ့တာလို့ ရှားတောမြို့နယ်ဆက်ဆံရေးတာဝန်ခံဦးဘိုးရယ်က ပြောပါတယ် “ကျနော်တို့ဘက်က တပ်အပြောင်းအလဲရှိတယ်လေ။ ကေအန်ပီပီတပ်က တပ်ရင်း ၃ ခွဲ ၁ နဲ့ ခွဲ ၂ နဲ့ ချိန်းတဲ့အချိန်မှာ ပစ်လိုက်တယ်ဆိုတာက အချက်ပြတဲ့သဘောပါ။ ကေအန်ပီပီတပ်က၊ အသစ်ရောက်လာမယ့်အဖွဲ့နဲ့ ပြန်မယ့်အဖွဲ့ ချိန်းတဲ့အချိန်မှာ ပြန်မယ့်အဖွဲ့က ငါတို့ဒီမှာရှိပါတယ်ဆိုတာကို အချက်ပြတဲ့အနေနဲ့ ပစ်ခတ်တာ။” ပြီးခဲ့တဲ့‌ မေလ ၁၆ ရက် မနက်ပိုင်းက ရှားတောမြို့နဲ့ ၆ မိုင်လောက်အကွာ အလယ်ပိုင်းကျေးရွာအုပ်စု ဒေါလယ်ခူး ကျေးရွာအနီးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ပစ်ခတ်သံတွေကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့သလို ပစ်ခတ်မှုနောက်ပိုင်း တပ်မတော်ဘက်လည်း စစ်ကြောင်းတွေနဲ့ လိုက်သွားတာရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တပ်မတော်စစ်ကြောင်းလိုက်သွားလို့ အပြန်လှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတချို့က ပြောပေမယ့် နှစ်ဖက် တိုက်ပွဲဖြစ်တာနဲ့ ပစ်ခတ်တာတွေ မရှိဘူးလို့  ကေအန်ပီပီက ငြင်းဆိုထားပါတယ်။ တပ်မတော် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်အသေအချာ မသိရသေးကြောင်းသာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ဒီပစ်ခတ်မှုကြောင့် အရပ်သားတဦး သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ကေအန်ပီပီဘက်ကရော  တပ်မတော်ဘက်ကပါ အတည်ပြုချက် မပေးပါဘူး။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)ဟာ ပြည်နယ်အဆင့်မှာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားပေမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသေးပါဘူး။
11 months Ago
Up