ရှာတွေ့

August 23, 2020

အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကို ရှာတွေ့ဟု တူရကီ ကြေညာ

အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်ကို ရှာတွေ့ပြီလို့ တူရကီနိုင်ငံက သြဂုတ် ၂၁ ရက်က ကြေညာပါတယ်။ ပင်လယ်နက်ထဲမှာ ကုဗပေ ၁၁.၃ ထရီလီယံရှိတဲ့ ဓာတ်ငွေ့သိုက်ဟာ ပိုကြီးတဲ့ ဓာတ်ငွေ့သိုက်တွေရဲ့ အစိတ်အပိုင်းဖြစ်ပြီး ၂၀၂၃ အစောဆုံးထားပြီး လုပ်ငန်းလည်ပတ်နိုင်မယ်လို့ တူရကီသမ္မတ တေယစ် အာဒိုဂံက ပြောပါတယ်။ ခုလိုရှာတွေ့မှုကြောင့် ဓာတ်ငွေ့တွေကို စီးပွားဖြစ် ထုတ်ယူနိုင်မယ်ဆိုရင် တူရကီအစိုးရဟာ ရုရှား၊ အီရန်နဲ့ အဇာဘိုင်ဂျန်တို့လို နိုင်ငံတွေဆီကနေ တင်သွင်းတဲ့ လောင်စာအပေါ် မှီခိုနေရတာကို လျှော့ချနိုင်မှာပါ။ ပင်လယ်နက် အနောက်ခြမ်း တူရကီ ကမ်းရိုးတန်းရဲ့ မြောက်ပိုင်း ရေမိုင် ၁၀၀ လောက်မှာ ရှိတဲ့ တူနာဝမ်း ဇုန်ထဲမှာ သဖာတီ ရေနံတူးသင်္ဘောဟာ အရင်လ နှောင်းပိုင်းကတည်းက လုပ်ငန်းစ နေတာပါ။ တူရကီ စွမ်းအင်ပြည်ပတင်ပို့မှု ဥပဒေမူကြမ်းကို ဘယ်လိုပဲ လျှော့ချပါစေ မနှစ်က စွမ်းအင် တင်ပို့မှုဟာ အမေရိကန်ဒေါ်လာ ၄၁ ဘီလီယံ ကျော်ခဲ့ပြီး အစိုးရရဲ့ ဘဏ္ဍာငွေတွေကို ပိုရစေတဲ့အပြင် လက်ရှိဘဏ္ဍာရေး လိုငွေပြမှု သက်ဆိုး ရှည်နေတာကိုလည်း လျော့ပါးသက်သာစေနိုင်တာပါ။ ဒါကြောင့် အမေရိကန် ဒေါ်လာနဲ့ ငွေလဲနှုန်းမှာ တူရကီ ငွေတန်ဖိုး စံချိန်တင် ကျဆင်းနေတာကို ပြန်ဆွဲတင်ဖို့ အကူအညီ ဖြစ်စေမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ပင်လယ်နက်ထဲက ဓာတ်ငွေ့တွေ ကုန်းပေါ်ရောက်အောင် သွယ်နိုင်ရေး ဆယ်စုနှစ် တခုလောက် ကြာနိုင်ပြီး ဓာတ်ငွေ့ထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးမှုအတွက် အခြေခံအဆောက်အဦတွေ တည်ဆောက်ရေးမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်မယ်လို့ အရာရှိတွေနဲ့ အကဲခတ်တွေက သတိပေးထားပါတယ်။  တူရကီဟာ ပင်လယ်နက်နဲ့ မြေထဲပင်လယ်ထဲမှာလည်း စွမ်းအင်ရင်းမြစ်ဖြစ်တဲ့ ဟိုက်ဒြိုကာဗွန်တွေကို ရှာနေတာပါ။ အငြင်းပွား ရေပိုင်နက်ထဲမှာ စစ်တမ်းကောက်ခဲ့လို့ ဂရိနဲ့ ဆိုက်ပရပ်စ် နိုင်ငံတွေက ဆန့်ကျင်ကန့်ကွက်တာကိုလည်း ခံခဲ့ရပါတယ်။ ဒါပေမယ့် တူရကီဟာ မြေထဲပင်လယ်ထဲက လုပ်ငန်းတွေကို အရှိန်မြှင့်သွားမယ်လို့ တူရကီ ဝန်ကြီးချုပ် အာဒိုဂံက ပြောထားပါတယ်။
1 year Ago

December 29, 2019

သံခေတ်ကာလက ရုပ်အလောင်း ၇ လောင်း နွားထိုးကြီးမြို့တွင် ရှာတွေ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မှာ သံခေတ်ကာလက ရုပ်အလောင်း ၇ လောင်း ရှာတွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ ကြီးကြီးကျေးရွာရဲ့ အနောက်ဘက် ၁ မိုင်လောက်အကွာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၀ အနီးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ လက်ထောက်ညွှန်မှူး ဦးလှရွှေ ပါ ၆ ဦးတို့သည် သုတေသနပြုလုပ် တူးဖော်ရာမှ သံခေတ်က ဓလေ့နဲ့ မြှုပ်နှံထားရှိတဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တာပါ။  သင်္ချိုင်းတူးဖော်မှုလုပ်ငန်းတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ နိုဝင်ဘာ ၁၉ ရက်နေ့က စတင်ဆောင်ရွက်နေတာလို့ သိရပါတယ်။
2 years Ago
Up