ရှမ်းလူ့အခွင့်အရေးအဖွဲ့

July 22, 2020

တပ်မတော်က မြေယာသိမ်းယူပြီး တောင်သူ ၄၇ ဦးကို တရားစွဲဆိုမှု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်

တပ်မတော်အနေနဲ့ ဒေသခံတိုင်းရင်းသားတွေ ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာတွေကို သိမ်းယူပြီး တောင်သူတွေကို တရားထပ်စွဲတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေပြီး ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက်တယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်အဖွဲ့က ပြောပါတယ်။  ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်မြို့က ဒေသခံတောင်သူ ၄၇ ဦး လုပ်ကိုင်စားသောက်နေတဲ့ မြေဧကပေါင်း ၄၀၀ ကျော်ကို  အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သိမ်းယူပြီး အဲဒီမြေပေါ်ပြန်စိုက်ပျိုးနေတဲ့ တောင်သူတွေကို လယ်ယာမြေကျူး ကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲထားတာနဲ့ ပတ်သက်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်က ခုလို ပြော ဆိုလိုက်တာပါ။  ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က “အခုချိန်ဟာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်ဖြစ်တယ်။ တပ်မတော်အနေနဲ့ လည်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ပြည်သူတွေ ကြပ်တည်းဆင်းရဲစေမယ့်ကိစ္စ၊ မကျေနပ်စေတဲ့ ကိစ္စ၊ ဆူပူအုံကြွမှုဖြစ်ပေါ်စေမယ့်ကိစ္စမျိုးကို ရှောင်ရှားသင့်ပါတယ်။ ဖိနှိပ်အနိုင်ကျင့်ခံရတာတွေ များလာတယ်ဆိုရင် လူတွေကအောင့်အည်းသည်းခံနိုင်တော့မှာ မဟုတ်ဘဲ ပြန်ပြီးအုံကြွတော်လှန် တတ်ပါတယ်။ ဒါဆိုရင်နယ်မြေမအေးချမ်းနိုင်ပါဘူး။ ”လို့ ပြောပါတယ်။ ဒီမြေတွေက ဒေသခံတွေ နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်စား သောက်လာတာ စစ်တပ်ရောက်မလာခင်ကတည်းကဖြစ်ပြီး တပ်မတော်အနေနဲ့ သူတို့မြေကို ပြန်ပေးပြီး ခြိမ်းခြောက်တာ၊ တရားစွဲထားတာတွေလည်း ပြန်ရုပ်သိမ်းပေးစေလိုတယ်လို့လည်း ပြောပါတယ်။ ခိုလမ်မြို့အရှေ့ဘက်ခြမ်းမှာ ရှိတဲ့အဆိုပါမြေတွေဟာ ဘိုးဘွားစဉ်ဆက်နေလာခဲ့တဲ့ရွာသား တွေရော၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်တော့ လမ်းမကြီးအတွင်းပိုင်းက ရွာတွေကို လမ်းဘေးကိုအတင်းအကြပ်ပြောင်းရွှေ့ပြီး တဲကုပ်သာသာမှာ လာရောက်စုစည်းနေထိုင်ခဲ့ရတဲ့ရွာသားတွေပါ ပါဝင်ပါတယ်။  သူတို့ဟာ နေရာဟောင်းက အိမ်ကြီးတွေ၊ ခြံတွေကိုစွန့်ပြီး နေရာသစ်မှာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးပြီး ပြန်ထူထောင်နေရာမှ  ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စစ်တပ်က တပ်ပိုင်မြေ ဖြစ်ကြောင်း ဆိုင်းဘုတ်လာစိုက်ခဲ့ပြီး တောင်သူတွေကိုလည်း မြို့နယ်ရုံးမှာ ဝန်ခံချက်လက်မှ တ်တွေထိုးခိုင်းခဲ့ပါတယ်။  တောင်သူတွေက လက်မှတ်ထိုးမပေးဘဲ အဲဒီခြံမှာဘဲ ဆက်ပြီးထွန်ယက်စိုက်ပျိုးတဲ့အတွက် ခလရ ၆၆ တပ်မတော်အရာရှိ တစ်ဦးက တရားလိုပြုပြီး ပုဒ်မ ၄၄၇ နဲ့တရားစွဲလိုက်တာပါ။  တောင်သူတွေဟာ တရားရင်ဆိုင်ဖို့ သူတို့ရွာကနေ ကားစီးရင် တစ်နာရီကြာတဲ့ နမ့်စန်မြို့နယ်တရားရုံးကို အကြိမ်ကြိမ်သွားခဲ့ရပြီး  တရားရုံးသွားတဲ့နေ့ တစ်နေကုန်ကြာတာကြောင့် အလုပ်အကိုင်တွေလည်း ပျက်နေရသလို မြေယာမဲ့ဖြစ်ရတာကြောင့် စိတ်ဖိစီးမှုတွေလည်း ခံနေကြရပါတယ်။ သိမ်းဆည်းခံမြေတွေ ပြန်ရရေးအတွက် နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း  တရားဥပဒေဘောင်ထဲကနေ လိုက်လံဆောင်ရွက်ပေးနေပါတယ်။  
9 months Ago

May 12, 2020

လားရှိုးမြို့နယ်တွင် တပ်မတော်က ရွာသားများကို အဓမ္မလုပ်အားပေးခိုင်းစေဟု ရှမ်းလူ့အခွင့်အရေးအဖွဲ့ပြော

ရှမ်းပြည်နယ် လားရှိုးမြို့နယ်မှာ တပ်မတော်က ရွာသားတွေကို အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ရှိနေတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က မေလ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။  မြန်မာ့တပ်မတော်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ အင်အားဖြည့်တင်းပြီး စစ်ဗျူဟာ စခန်းထပ်မံ ဆောက်လုပ်ရာမှာပစ္စည်းသယ်ဖို့ ရွာသားတွေဆီက ကားရောလူပါ ချောဆွဲခဲ့သလို သစ်ဝါးတွေလည်း စုဆောင်းပေးခဲ့ရတယ်လို့  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  ပြီးခဲ့တဲ့ ဧပြီ ၂၁ နဲ့ ၂၈ ရက်နေ့တွေမှာ တပ်မ ၉၉ နဲ့ ခမရ ၃၆၅ ပူးပေါင်းတပ်က သူတို့ပစ္စည်းတွေကို လားရှိုးမြို့နယ် မိုင်းကျက်ရွာကနေ ကောင်းခါး (ပြည်သူ့စစ် စခန်းဟောင်း) ဆီပို့ဆောင်ဖို့ မိုင်းကျက်ရွာသားတွေဆီက ကားနဲ့ လူပါချောဆွဲခဲ့ပြီး ဓာတ်ဆီဖိုး မပေးတဲ့အပြင် စက်နှိုးလို့မရတဲ့ကား ၁ စီးကို မီးရှို့မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။  ဧပြီလ ၈ ရက် နဲ့ ၂၁ ရက်နေ့မှာတော့ တပ်မတော်စခန်းသစ်အတွက် မိုင်းကျက်ရွာသားတွေကို ဝါးပိုးဝါးတိုင် အလုံး ၁၀၀ ပို့ပေးဖို့ စေခိုင်းခဲ့တာကြောင့် မိုင်းကျက်အုပ်စု ရွာပေါင်း ၁၁ ရွာက ရွာသားတွေ တစ်ရွာကို ၁၀ တိုင်စီ ခြေကျင်လျှောက် ပုခုံး ပေါ်ထမ်းပြီး သွားပို့ပေးခဲ့ကြရပါတယ်။  ဧပြီ ၂၄ မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ မြန်မာ့တပ်မတော် မိုင်းယော်ဒေသ မှာတိုက်ပွဲဖြစ်ပြီး တပ်ဖြန့်ထားစဉ် ကျွဲကျောင်းသွားပြီးပြန်လာတဲ့ ဟိုဆေရွာသား (အိုက်ဆွေ - ၂၇ နှစ်)ကို မသင်္ကာမှုနဲ့ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း၊ အိုက်ဆွေအိမ်ပြန်မရောက်လို့ မိသားစုတွေ လိုက်ရှာရာမှာ ၂၆ ရက်နေ့မှာမှ ရေချောင်းဘေးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့အလောင်းကို တွေ့ခဲ့တာလို့ ဆိုပါတယ်။  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ရဲ့ အဆိုပါထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က ပြန်လည် ထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။  အခုလိုအချိန် COVID-19 ကပ်ရောဂါအတွက် ပြည်သူတွေ စိုးရိမ်ပူပင်နေရချိန်မှာ တပ်မတော်က ပြည်သူတွေကို ကာကွယ်ပံ့ပိုးပေးရမယ့်အစား အဓမ္မခိုင်းစေတာ၊ တရားမဲ့ သတ်ဖြတ်တာတွေကို ရှုတ်ချတယ်လို့  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြောခွင့်ရသူ  စိုင်းရွက်လွင်က ဒီဗွီဘီကို ပြောပါတယ်။  “ခုအချိန် COVID-19ရောဂါ ကူးစက်နေတဲ့အချိန်မှာ တပ်မတော်က ရွာသားတွေကို ရောဂါ ကင်းဖို့ ကူညီပံ့ပိုးပေးမယ့်အစား သူတို့စခန်းဆောက်ဖို့၊ သူတို့အင်အားချဲ့ဖို့အတွက် ရွာသားတွေကို အဓမ္မစေခိုင်းတာ၊ နယ်မြေထဲမှာ ထိုးစစ်ဆင်တာတွေရှိနေတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရှုတ်ချပါတယ်။ ပြီးတော့ အပစ်မရှိဘဲ အပစ်ခံရတဲ့ ရွာသားကိစ္စနဲ့ အဓမ္မ လုပ်အားပေးခံရတဲ့ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်နဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင်ဆီလည်း တင်ပြပေးသွားမယ်။” အဆိုပါဒေသတဝိုက်မှာ တပ်မတော်က တပ်စခန်းအတွက် သစ်ဝါးတွေပို့ခိုင်းတာ၊ ပစ္စည်း သယ်ဖို့ ချောဆွဲတာ၊ ကင်းစောင့်ခိုင်းတာတွေဟာ ၂၀၁၉ ခုနှစ်နဲ့ ဒီ ၂၀၂၀ ပြည့်နှစ်စပိုင်းမှာလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 
11 months Ago
Up