ရှမ်းပြည်နယ်အဝင်

October 6, 2020

မန္တ​လေးတိုင်းအထွက်နှင့် ရှမ်းပြည်နယ်အဝင်တွင် ကားများပိတ်မိနေ

မန္တ​လေးတိုင်းအထွက်နဲ့ ရှမ်းပြည်နယ်အဝင်ဂိတ်မှာ  ကိုဗစ်-၁၉ ​ဆေးစစ်​ကိရိယာ Test Kit ကုန်သွား​တဲ့အတွက် ​ဆေးစစ်ပေးမှု  ခေတ္တ ရပ်ထားတာ​ကြောင့် ကားတွေပိတ်မိပြီး ယာဉ်မောင်းတွေ အခက်အခဲ​ တွေ့​နေကြပါတယ်။  Test Kit တွေ ကုန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စစ်​ဆေးရတဲ့ ဂိတ်တွေ များတာ​ကြောင့် Test Kit ကုန်သွားလို့ ထပ်​တောင်းထား​ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ​ဇော်မြင့်​မောင်က သူရဲ့ လူမှုကွန်ယက် စာမျက်နှာ​ပေါ်မှတဆင့် ပြည်သူတွေကို အသိ​ပေးထားပါတယ်။ အလားတူ ထုံးဘို၊ မူဆယ် စတဲ့​နေရာတွေမှာလည်း Test Kit ကုန်သွားတာ​ကြောင့် ​ဆေးစစ်​ပေးမှုရပ်ဆိုင်းထားလို့ အတက်​ရော အဆင်းပါ ကား​တွေ ပိတ်မိ​နေပြီး အတက်ကားတွေ ပိုများ​ကာ လက်ရှိ ​ဝက်ဝံ၊ ခြေမြစ်ပင်မှာ ကားအစီး ၅၀၀ ဝန်းကျင် ပိတ်မိ​နေ​တယ်လို့ ကုန်တင် ယာဉ်မောင်းသမား ကိုလပြည့်က  ဒီဗွီဘီကို ​ပြောပါတယ်။ ယာဉ်မောင်း တစ်ဦးဖြစ်တဲ့ ကို​ဟေလျှံဝင်းကတော့ “ ယာဉ်မောင်းတွေနဲ့ နောက်လိုက်တွေကို ဆေးစစ်ဖို့ စာရင်း​ပေးရာမှာ အဆင်းဂိတ်မှာ စာရင်း​ပေး​တော့ အတက်ဂိတ်ကိုပြန်လွှတ်၊ အတက်ဂိတ်ကို စာရင်းသွား​ပေး​တော့ အဆင်းဂိတ်ကို ပြန်လွှတ်ဖြစ်​နေတာ​ကြောင့် တချို့ ယာဉ်မောင်းတွေက ယာဉ်ရပ်နားတန်းစီထားရပြီး လမ်း​လျှောက် ရတာ​ကြောင့် အခက်အခဲဖြစ်​နေ​တယ်” လို့ ပြောပါတယ်။ သက်ဆိုင်ရာက တိတိကျကျ သတ်မှတ်​ပေး ​စေလို​ပြီး စား​သောက်ဆိုင်တွေ ပိတ်ထားတာနဲ့ ကျူးကျော်ဆိုင်တွေမှာ စား​သောက်တာ မပြုဖို့ တားမြစ်ထားတာ​ကြောင့် အခက်အခဲ ကြုံတွေ့နေရတယ်လို့လည်း ကားမောင်းသမားတွေက ပြောပါတယ်။ ရှမ်းပြည်နယ်​ မြောက်ပိုင်း အဝင်အထွက် ကုန်တင်ယာဉ်တွေဟာ  တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ အတွက် ကုန်စည်စီးဆင်းဖို့ သယ်ယူပို့ဆောင်ရာ အဓိက နေရာက ပါဝင်နေပြီး ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ​ဆေးစစ်ရတာနဲ့၊ ယာဉ်မောင်းတွေ အစားထိုး လဲလှယ် မောင်းနေရ တာတွေကြောင့်  လမ်းခရီး ကြန့်ကြာ ပိတ်မိ​တာတွေ ဖြစ်ပေါ်နေပါတယ်။   သတင်း- Pra Jaw ၊ ဓာတ်ပုံ - ကိုလပြည့်နှင့် ကုန်တင်ယာဉ်မောင်းများ
7 months Ago
Up