ရှမ်းပြည်နယ်အစိုးရ

A d v e r t i s e m e n t With Us

March 7, 2020

PNLO ထိန်းချုပ်နယ်မြေ ကဒူးကြီးဒေသဖွံ့ဖြိုးရေး ရှမ်းပြည်နယ်အစိုးရ ကွင်းဆင်းလေ့လာ

နှစ်ပေါင်း ၇၀ ကျော် စစ်တလင်းဖြစ်ပွားခဲ့တဲ့ မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ ပထမဆုံးအကြိမ် ရှမ်းပြည်နယ်အစိုးရအဖွဲ့က မတ် ၆ ရက်နေ့မှာ ကွင်းဆင်းလေ့လာခဲ့ပြီး ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီဒေသမှာ ပြည်သူလူထုက စစ်ဘေးစစ်ဒဏ်တွေ ခါးသီးစွာ ခံစားနေရပြီး အခု ငြိမ်းချမ်းရေးအသီးအပွင့်ဖြစ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်တော့မယ်လို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်  ဒေါက်တာလင်းထွဋ်က ပြောပါတယ်။ “မကြာခင်အချိန်အတွင်း NRPC ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကော်မရှင်ကနေ ဦးဆောင်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ PNLO၊ PPDC သူတို့တွေ နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ Swiss Develop Cooperation နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ တွဲဖက်ပြီး ဒီဒေသမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဆွေးနွေးကြတယ်။ အားလုံးသိတဲ့အတိုင်း ငြိမ်းချမ်းလာရင် ဖွံ့ဖြိုးရေးက လုပ်လို့ကောင်းလာတယ်။ အခုလို နိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဝိုင်းကူမယ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်ထောင်စုအစိုးရကလည်း ဝိုင်းကူမယ်ဆိုရင် ဒီဒေသမှာရှိတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းလာတာနဲ့အမျှ ငြိမ်းချမ်းရေးအသီးအပွင့် ဖွံ့ဖြိုးမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် လေ့လာတဲ့အနေနဲ့ ဒီဒေသကို ဦးဆုံး ရောက်လာတာ ဖြစ်ပါတယ်။” အခုလို အဲဒီဒေသကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရောက်လာနိုင်တာကတော့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တွေကြောင့် ဖြစ်တယ်လို့ PNLO ဦးဆောင်နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ “ငြိမ်းချမ်းရေးကို ဆက်လက်ခိုင်မာအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ နံပါတ်နှစ်က ဒီမိုကရေစီ ဖြစ်ပါတယ်။ လွတ်လပ်တဲ့ ဒီမိုကရေစီကို ကူးပြောင်းတဲ့အချိန်မှာ ဒေသခံ လူမျိုးမရွေး၊ ဒေသမရွေး မိမိအခွင့်အရေးကို မိမိ တင်ပြနိုင်မှ ဒီမိုကရေစီ ဖြစ်မှာပါ။ ဒါကြောင့် ဖက်ဒရယ်ကို လက်တွေ့ကျင့်သုံးတဲ့အနေနဲ့ ဒီဒေသရဲ့ လိုအပ်ချက် အခြေအနေကို ဒီဒေသမှာ နေထိုင်တဲ့ ပုဂ္ဂိုလ်တွေ၊ လူထုကို အခြေပြုပြီး လုပ်ကိုင်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပေါ်ပေါက်ရေးဟာ ဖက်ဒရယ်ရဲ့ လုပ်ငန်းစဉ်အစ ဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး၊ လူမှုရေး၊ ဖက်ဒရယ်ရေး ဒီသုံးခုကြောင့် ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူ ခေါင်းဆောင်ကြီးတွေ ရောက်လာတယ်လို့ မှတ်ချက်ပြုပါတယ်။” အဲဒီဒေသမှာ လမ်းတံတား၊ လျှပ်စစ်မီး စတဲ့ အခြေခံဖွံ့ဖြိုးရေးတွေ အခြားဒေသထက် နောက်ကျကျန်ခဲ့တာလည်း ဖြစ်ပါတယ်။ PNLO ဒုက္ကဋ္ဌ ခွန်မြင့်ထွန်းက “အရင်ကာလက လမ်းတွေဖောက်လုပ်တဲ့အခါမှာ အများအားဖြင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်အနေနဲ့ ကိုယ်ထူကိုယ်ထ ဖောက်ခဲ့တဲ့လမ်းတွေ ရှိတယ်။ ဆရာတော်နဲ့ ဒေသခံလူထုက သူတို့အင်အားနဲ့သူတို့ ဖောက်ခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့ ပညာရပ်ပိုင်းဆန်ဆန်အနေနဲ့တော့ မဖောက်လုပ်နိုင်ခဲ့ဘူး။ အခု လမ်းတွေကို ဖောက်လုပ်တဲ့အခါမှာ ဖွံ့ဖြိုးရေးကို အခြေခံပြီး ကုန်သယ်နိုင်တဲ့ လမ်းတွေဖြစ်အောင် ဖောက်လုပ်ဖို့ ဆွေးနွေးကြတာ ဖြစ်တယ်။ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးတွေကလည်း အရေးကြီးပါတယ်။ အခု ကျနော်တို့ လုပ်နေတဲ့ ဖွံ့ဖြိုးရေးအစီအစဉ်ကတော့ မူမရှိဘဲလုပ်တဲ့ ဖွံ့ဖြိုးရေးအစီအစဉ်မျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို အထောက်အကူပြုတဲ့ ဒေသဖွံ့ဖြိုးရေး အစီအစဉ်တွေ ကျနော်တို့ လုပ်ဆောင်နေပါတယ်။” ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေနဲ့ လက်ရှိ နောင်ထောဝ်ကနေ PNLO ဌာနချုပ် ဗန်းမက် အထိ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်နိုင်တဲ့ ကားလမ်းကို အရင်ဖောက်လုပ်ပေးမယ်လို့ ပြောပါတယ်။ အဲဒီဒေသမှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ နီပွန်ဖောင်ဒေးရှင်း၊ Swiss development cooperation တို့နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေ သိန်း ၁၀၀ နဲ့ ကျောင်းသုံး ဗလာစာအုပ်တွေ လှူဒါန်းပါတယ်။ ခွန်ရာဇာ
12 months Ago

March 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုးရာဓလေ့ပွဲတော်များ ရွှေ့ဆိုင်းဖျက်သိမ်းရန် ရှမ်းပြည်နယ်အစိုးရ ညွှန်ကြား

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကြောင့် ရှမ်းပြည်နယ်ထဲမှာကျင်းပမယ့် ရိုးရာဓလေ့ ပွဲတော်တွေကို ရွှေ့ဆိုင်းဖျက်သိမ်းကြဖို့ ပြည်နယ်အစိုးရက ညွှန်ကြားလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့ဒေသအသီးသီးမှာ ကူးစက်ဖြစ်ပွားတဲ့နိုင်ငံတွေ များလာပြီး တရုတ်နိုင်ငံ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံအားလုံးမှာ အလွန်မြင့်မားတဲ့အဆင့်အဖြစ် သတ်မှတ်ခဲ့တယ်လို့ မတ်လ ၂  ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ပြည်နယ်အစိုးရရဲ့ ညွန်ကြားစာမှာ ဖော်ပြထားပါတယ်။ ဒီရာသီကာလဟာ ရှမ်းပြည်နယ်မှာ ရိုးရာဓလေ့ပွဲတော်တွေ ကျင်းပလေ့ရှိတာကြောင့် COVID-19 ရောဂါ ကူးစက်တာကနေ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျင်းပရမယ့်ပွဲတော်တွေကို ရက်ရွှေ့ဆိုင်းတာ၊ ဖျက်သိမ်းတာတွေ လုပ်ဖို့လိုတယ်လို့ အကြောင်းကြားထားပါတယ်။ မဖြစ်မနေ ကျင်းပရမယ့်ပွဲတော်တွေဆိုရင် လူတွေတက်ရောက်မှု နည်းသထက်နည်းအောင်၊ ရောဂါကူးစက်တဲ့လက္ခာရှိသူနဲ့ သံသယလူနာတွေမတက်ရောက်အောင် စီမံပြီးဆောင်ရွက်ဖို့ ညွန်ကြားထားတယ်လို့  တောင်ကြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တပေါင်းပွဲတော်တွေကျင်းပဖို့ရှိသလို ထမ်ဆန်းရွှေတိဂုံ အိုးစည်တစ်ထောင်ပွဲတော်၊ ပအိုဝ်းအမျိုးသားနေ့ ပွဲတော်၊ မွေတော်ကက္ကူ တပေါင်းပွဲတော်၊ ပင်းတယလှိုင်ဂူ ဗုဒ္ဓပူဇနိယဘုရားပွဲတော်၊ ဓနုဆုံစည်းရာပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။ ထမ်းဆန်းရွှေတိဂုံဘုရား အိုးစည် ၁၀၀၀ ပွဲတော်ကတော့ ဖျက်သိမ်းခြင်း ရွေ့ဆိုင်းခြင်းမရှိဘဲ မူလသတ်မှတ်ရက် မတ်လ ၆ ရက်နေ့ မှာစတင်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။  ပင်းတယ ဗုဒ္ဓ ပူဇာနိယ တပေါင်းပွဲတော်ကတော့ ဖျက်သိမ်းပြီး နောက်နှစ်မှ ပြန်လည်ကျင်းပမယ်လို့ ပင်းတယ ဗုဒ္ဓပူဇနိယပွဲတော်ကော်မတီ ဥက္ကဋ္ဌ ဦးတင်ငွေကပြောပါတယ်။ “တကမ္ဘာလုံးဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပေါ့နော် အဲဗိုင်းရပ်စ်ကပျံ့နှံ့နေတဲ့အတွက် ကျနော်တို့ လူစုလူဝေးမှာ ရှုပ်ထွေးလာမှာစိုးလို့ဆိုပြီး  ကျနော်တို့ရှမ်းအစိုးရလည်းဒီပွဲကိုရွေ့ဆိုင်းဖို့ ဖျက်သိမ်း ဖို့အကြောင်းကြားလာတဲ့အတွက် ပွဲကိုဖျက်သိမ်းရခြင်းဖြစ်တယ်” ပင်းတယမှာ ပွဲတော်ဖျက်သိမ်းလိုက်တဲ့အတွက် အခွန်ဆောင်ထားတဲ့စျေးဆိုင်ခန်းကို ငွေပြန်အမ်းသွားမှာဖြစ်ပြီး နောက်နှစ်မှာ ဒီဆိုင်ခန်းရှင်တွေကို ဦးစားပေးလုပ်ဆောင်သွားပေးမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ရောဂါစဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ စင်္ကာပူ၊ ကိုရီးယား၊ အီတလီနဲ့ အီရန်နိုင်ငံတို့မှာ အရှိန်အဟုန်နဲ့ ရောဂါဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီရောဂါဟာ ရောဂါလက္ခဏာမပြသေးသူကလည်း တခြားသူတွေဆီ ကူးစက်နိုင်ပြီး မြန်မာနိုင်ငံမှာ ရောဂါဖြစ်သူ အများအပြား ရုတ်တရက်တပြိုင်နက် တွေ့လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။ ဒီကာလမှာ လူစုလူဝေးများတဲ့နေရာတွေနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ဖို့၊ အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေလုပ်ရမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကိုပဲ လုပ်ဖို့၊ လုပ်တဲ့အခါမှာလည်း တက်ရောက်တဲ့ လူအရေအတွက် နည်းနိုင်သမျှနည်းအောင်လုပ်ဖို့၊ ဖျားနေတဲ့သူ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ မလာစေရေး တင်းတင်းကျပ်ကျပ် လုပ်ထားဖို့ စတာတွေကို လိုက်နာဆောင်ရွက်ဖို့ ကျန်းမာရေးဌာနက နှိုးဆော်ထားပါတယ်။ COVID-19 ရောဂါကြောင့် နေပြည်တော်မှာပြုလုပ်မယ့် စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို ရက်ရွှေ့ခဲ့သလို ပဲခူးတိုင်း ညောင်လေးပင်မှာ ဒီလထဲ ကျင်းပဖို့ရှိတဲ့ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့ရဲ့ လုဒ်မယ်တော်ပွဲတော်ကို ဖျက်သိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ သံသယလူနာနဲ့ စောင့်ကြည့်လူနာတွေ ၄၅ ယောက်လောက်ရှိခဲ့ပေမယ့်  ဓာတ်ခွဲအဖြေအရ တဦးတယောက်မှ ရောဂါပိုးမတွေ့ရဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ သတင်း- ခွန်ရာဇာ
12 months Ago
More News
Up