ရှမ်းတိုင်းရင်းသားများ ကန့်ကွက်

January 14, 2021

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့် အန်အယ်လ်ဒီ တွေ့ဆုံနိုင်ရန် ညှိနှိုင်းနေဆဲ

အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) တို့ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ တွေ့ဆုံနိုင်ဖို့ နှစ်ဘက် ညှိနှိုင်းနေဆဲလို့သိရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းလိတ်က “ကျနော်တို့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦးနဲ့ အဲ့ဒီ ဦးအောင်မိုးညိုတို့ ၃ ဦးနဲ့ ကနဦး တွေ့ဆုံဖို့ လုပ်နေပါတယ်။ အဲဒီ ကနဦး တွေ့ဆုံမှုကနေမှ ဆွေးနွေးမယ့် ကိုယ်စားလှယ်နဲ့ ဆွေးနွေးမယ့် ရက် အချိန် နေရာတွေကို ထွက်လာမှာပေါ့နော် လောလောဆယ်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။ ဒီနေ့တော့ မဖြစ်လောက်သေးဘူး ထင်တယ်”လို့ ပြောပါတယ်။ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန်တို့ပါဝင်တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်အဖွဲ့ဟာ ရှမ်းပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မနေ့က တောင်ကြီးမြို့ကို ရောက်လာတာ ဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုကတော့ SNLD အနေနဲ့ ရှမ်းပြည်နယ်ရုံးမှာ လာရောက်တွေ့ဆုံနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။ “ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ဒီကိုလာတွေ့ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ လာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ အခြေအနေလည်းကောင်းပါတယ်”လို့ မနေ့ညက မီဒီယာတွေကို ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ ဇန်နဝါရီ ၁၃ ရက်ကတော့ အန်အယ်လ်ဒီကိုယ်စားလှယ်အဖွဲ့ဟာ  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  PNO ပါတီနဲ့ တအာင်း(ပလောင်)အမျိုးသားပါတီ (TNP )တို့ ရှမ်းပြည်နယ် အမျိုးသားဒီမိကရေစီအဖွဲ့ချုပ်ရုံးမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ခွန်ရာဇာ
9 months Ago

November 9, 2020

ကျောက်မဲမြို့နယ်တွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရ

ကျောက်မဲမြို့နယ်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) က လွှတ်တော် ၃ ရပ်လုံး အနိုင်ရတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း စိုင်းကူးက‌ ပြောပါတယ်။ “အမှတ် ၁ ပြည်နယ်လွှတ်တော်နယ်မြေက ဟဲကွီ၊ ခေးနင်း ပန်လော့ စတဲ့ကျေးရွာအုပ်စု တွေက ရွေးကောက်ပွဲကျင်းပခွင့်သာရခဲ့ရင် SNLD က ၇၀ ရာခိုင်နှုန်းလောက် မဲရနိုင်တဲ့နေရာတွေ ဖြစ်တယ်။ ရွေးကောက်ပွဲကျင်းပခွင့်မရတဲ့ တော့ဆန်ကျေးရွာအုပ်စုတို့မှာ ပြည်နယ် ၂ နယ်မြေကတော့ တအာင်း (ပလောင်)အမျိုးသားပါတီ နဲ့ မဲတဝက်စီလောက် ရနိုင်တဲ့နေရာတွေ ဖြစ်တယ်။ ကျေးရွာအုပ်စုအချို့ ရွေးကောက်ပွဲကျင်းပခွင့်မရခဲ့သော်လည်း အနိုင်ရခဲ့ပါတယ်”လို့ ပြောပါတယ်။ အမျိုးသားလွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၉၁၉၇ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၅၀၁ မဲ၊ တအာင်း(ပလောင်)အမျိုးသားပါတီက ၆၈၀၁ မဲ အသီးသီး ရရှိခဲ့ပါတယ်။  ပြည်သူ့လွှတ်တော်နေရာမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၉၁၈၆ မဲ၊ အန်အယ်လ်ဒီပါတီက ၁၆၅၀၄ မဲ၊  တအာင်း(ပလောင်)အမျိုးသားပါတီက ၆၆၅၅ မဲ ရရှိခဲ့ပါတယ်။ ပြည်နယ်လွှတ်တော် အမှတ် ၁ နေရာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၄၂၃၆ မဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၃၂၂၅ မဲ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၄၇၂၇ မဲ၊ ပြည်နယ်လွှတ်တော် အမှတ် (၂) နယ်မြေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁၅၁၃၅ မဲ၊ တအာင်း(ပလောင်)အမျိုးသားပါတီ က ၆၁၉၇  မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၃၃၇ မဲ ရရှိခဲ့တယ်လို့ ကျောက်မဲမြို့နယ် အန်အယ်လ်ဒီပါတီထံက သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျောက်မဲမြို့နယ်အတွင်းက နောင်ရှင်၊ ဟဲကွီ၊ ခေးနင်း၊ ပန်လော့၊ တော့ဆန်၊ ပါလိုင်၊ ကွမ်းစလန် စတဲ့နယ်‌မြေတွေ အပါအဝင် ကျေးရွာအုပ်စု ၁၂ အုပ်စုကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသောနယ်မြေများအဖြစ် အောက်တိုဘာ ၁၆ နေ့က ကြေညာခဲ့တာပါ။ သတင်း - နန်းစပယ်
11 months Ago
Up