ရှင်းကျန်းပြည်နယ်

December 27, 2021

ရှင်းကျန်းပြည်နယ် ကွန်မြူနစ်ပါတီ အကြီးအကဲနေရာ အစားထိုး

တရုတ်အစိုးရဟာ ရှင်းကျန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီအကြီးအကဲ ချန်ကွမ်းကို့ရဲ့ နေရာကို မာရှင်းယွိနဲ့ အစားထိုးလိုက်ပါတယ်။

ဘာသာရေး အစွန်းရောက်မှုတိုက်ဖျက်ရေး နာမည်အောက်မှာ ဝီဂါတိုင်းရင်းသားတွေနဲ့ တခြား မွတ်စလင်တွေကို ပစ်မှတ်ထားပြီး လုံခြုံရေးအရ နှိမ်နင်းရာမှာ ကြီးကြပ်သူနေရာကို လူချင်းလဲ လိုက်တာပါ။

ချန်ကွမ်းကို့ဟာ ၂၀၁၆ ခုနှစ်တည်းက ဒီရာထူးကို ရထားသူဖြစ်ပြီး တခြားအခန်းကဏ္ဍ တခုအတွက် ရွှေ့ပြောင်းတာဝန်ပေးခံရတာပါ။

မာရှင်းယွိကတော့ ကမ်းရိုးတန်းက စီးပွားရေးပြည်နယ် ကွမ်တုံရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၇ ခုနှစ်တည်းက ထမ်းဆောင်ခဲ့သူလို့ ဒီဇင်ဘာ ၂၅ ရက်နေ့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရုတ်ရဲ့ အနောက်စွန်းက ရှင်းကျန်းပြည်နယ်အတွင်း စခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတဲ့ မွတ်စလင် အယောက် ၁ သန်းကျော်မယ်လို့ ကုလသမဂ္ဂ သုတေသီတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ခန့်မှန်းထားပါတယ်။

တရုတ်ကတော့ နှိပ်စက်မှုဆိုင်ရာ စွဲချက်တွေကို ပယ်ချပြီး စခန်းတွေဟာ အစွန်းရောက်မှု တိုက်ဖျက်ရေးအတွက် သက်မွေးဝမ်းကျောင်းဌာနတွေလို့ ပြောပါတယ်။

ဒီစခန်းတွေထဲမှာ နေသူအားလုံး သင်ရိုးကုန်တတ်ပြီးပြီလို့လည်း ၂၀၁၉ နှောင်းပိုင်းမှာ ကြေညာခဲ့ပါတယ်။

တရုတ်အစိုးရ ပေါလစ်ဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ အသက် ၆၆ နှစ်အရွယ် ချန်ကွမ်းကို့ဟာ ရှင်းကျန်းပြည်နယ် လုံခြုံရေးနှိမ်နင်းမှုအတွက် တာဝန်ရှိတဲ့ အကြီးတန်းအရာရှိအဖြစ် ရှုမြင်ခံ ထားရပါတယ်။ သူ့ကို အမေရိကန်က မနှစ်က ဒဏ်ခတ်ခဲ့ပါတယ်။

3 weeks Ago

November 19, 2019

ရှင်းကျန်းပြည်နယ်က မွတ်ဆင်လင်အရေးကိစ္စ အစီရင်ခံစာမှားယွင်းဟု တရုတ်အစိုးရပြော

တရုတ်နိုင်ငံ၊ အနောက်စွန်းပိုင်း ရှင်းကျန်းပြည်နယ်ထဲက မွတ်စလင်တွေကို နှိမ်နင်းပုံအကြောင်း အသေးစိတ် ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ နယူးယောက်တိုင်းမ်စ် သတင်းစာရဲ့ အစီရင်ခံစာဟာ မှားနေတယ်လို့ တရုတ်အစိုးရက  ငြင်းဆိုလိုက်ပါတယ်။ ရှင်းကျန်းပြည်နယ်ထဲက အကြမ်းဖက်မှုတိုက်ဖျက်ရေး တရုတ် အစိုးရရဲ့ အားထုတ်ချက်တွေကို နာမည်ပျက် သိက္ခာကျအောင် ရည်ရွယ် လုပ်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို သုံးပြီး သတင်းတန်ဖိုး ဖောင်းပွအောင် နယူးယောက်တိုင်းမ်စ် သတင်းစာက လုပ်ခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ဂံရှောင်းက ပြောပါတယ်။ ရှင်းကျန်းပြည်နယ်အတွင်း ဝီဂါတိုင်းရင်းသားတွေက  ရထားဘူတာမှာ ဓားထိုး တိုက်ခိုက်ခဲ့လို့ လူ ၃၁ ယောက် သေဆုံးအပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၁၄ ခုနှစ်မှာ ရှင်းကျန်းပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ သူ့ခရီးစဉ်အတွင်းနဲ့ ခရီးစဉ်အပြီးမှာ ရှီက အရာရှိတွေကို အတွင်းရေး မိန့်ခွန်းတွေ ဘယ်လို ပေးခဲ့တယ်ဆိုတာကို စာရွက်စာတမ်းတွေက ဖော်ပြထားတယ်။ အဲဒီစာရွက်စာတမ်းတွေကို တရုတ် နိုင်ငံရေး အဖွဲ့အစည်းဝင် တယောက်က ပေါက်ကြားခဲ့တယ်လို့ သတင်းစာက နိုဝင်ဘာ ၁၆ ရက်မှာ ရေးသားဖော်ပြထားပါတယ်။ အကြမ်းဖက်ဝါ၊ စိမ့်ဝင်ထိုးဖောက်ရေးဝါဒနဲ့ ခွဲထွက်ရေးဝါဒတွေကို တိုက်ဖျက်ဖို့အတွက် အတင်းအကျပ် ဖိနှိပ်မှုတွေကို  လုံးဝ အသနား အညှာတာမရှိဘဲ ကျင့်သုံးဖို့ ရှီက ဆော်သြခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ တရုတ်အစိုးရကတော့ ရှင်းကျန်းပြည်နယ်ထဲမှာ ဝီဂါတိုင်းရင်းသားတွေ ဒါမှမဟုတ် တခြားသူတွေကို ဘယ်လို မတော်မတရား ဆက်ဆံတာမှ မရှိဘူးလို့ ငြင်းပါတယ်။ ခွဲထွက်ရေးဝါဒတွေနဲ့ အစ္စလာမစ်အစွန်းရောက်ဝါဒတွေကို ဖယ်ရှားဖို့ အသက်မွေးဝမ်းကျောင်း သင်တန်းတွေနဲ့ စွမ်းရည်သစ်တွေကို သင်ကြားပေးတဲ့ သင်တန်းတွေကိုသာ ဖွင့်ပေးနေတယ်လို့လည်း တရုတ်အစိုးရက ပြောခဲ့ပါတယ်။
2 years Ago
Up