ရှင်းကျန်းဒေသ

September 14, 2021

ရှင်းကျန်းဒေသလူ့အခွင့်အရေးချိုးဖောက်မှု ကုလလူ့အခွင့်အရေးကောင်စီ စုံစမ်းစစ်ဆေးခွင့်မရ

တရုတ်နိုင်ငံ၊ ရှင်းကျန်းဒေသမှာ မွတ်စလင် ဝီဂါတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်မှု အစီရင်ခံစာတွေကို စုံစမ်းစစ်ဆေးဖို့ အားထုတ်ပေမဲ့ မအောင်မြင်ခဲ့လို့ ဝမ်းနည်းရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ မီရှဲဘာချေးလက်က ဂျီနီဗာမှာ  စက်တင်ဘာ ၁၃ ရက်ကစတင်ကျင်းပတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံဖွင့်ပွဲမှာ ပြောလိုက်ပါတယ်။

“ရှင်းကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အဓိပ္ပာယ်ရှိရှိ လက်လှမ်းမီအောင် ကြိုးစားနေတဲ့ ကျမရဲ့ အားထုတ်မှုတွေ တိုးတက်မှုရှိအောင် မလုပ်နိုင်ခဲ့လို့ ဝမ်းနည်းရတယ်။ လောလောဆယ် ကျမရဲ့ရုံးက အဲဒီဒေသအတွင်း ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေအတွက် ရနိုင်သမျှ သတင်းအချက်အလက်တွေကို လက်လှမ်းမီအောင်စုပြီး အများပြည်သူအတွက် ဖြန့်ချိမယ့် အမြင်နဲ့ အခြေအနေဆိုင်ရာ အစီရင်ခံစာကို အဆုံးသတ် ရေးသားနေတယ်”လို့လည်း သူက ပြောပါတယ်။

ရှင်းကျန်းပြည်နယ်ထဲမှာ မွတ်စလင် အယောက် ၁ သန်းလောက်ဟာ အလုပ်လုပ်ခိုင်းဖို့ စခန်းတွေထဲမှာ ထိန်းသိမ်းခံထားရတယ်လို့ ယုံကြည်ရလောက်တဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ကုလသမဂ္ဂက ပြောထားပါတယ်။

တရုတ်က အဲဒီလိုစခန်းတွေ ရှိတယ်ဆိုတာကို အစပိုင်းမှာ ငြင်းထားပြီး အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ ပုံစံထုတ်ထားတဲ့ အသက်မွေးဝမ်းကျောင်းဌာနတွေသာ ရှိတယ်လို့ ပြောထားပါတယ်။

၂၀၁၉ နှောင်းပိုင်းမှာတော့ စခန်းထဲက လူအားလုံး ပညာတတ်တွေ ဖြစ်ကုန်ပြီလို့ တရုတ်အစိုးရက ပြောပါတယ်။

2 years Ago
Up