ရှင်ပြုကထိန်ပွဲမှပြန်လာသည့်ကား

November 17, 2020

မောင်တောတွင် ရှင်ပြုကထိန်ပွဲမှပြန်လာသည့်ကား မိုင်းခွဲခံရပြီး ၃ ဦးသေ၊ ၆ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်​တောမြို့မြောက်ပိုင်း၊ သာယာကုန်းကျေးရွာရဲ့ ရှင်ပြုကထိန်ပွဲကနေ ပြန်လာတဲ့ ကားတစ်စီး မိုင်းခွဲခံရပြီး လူ ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရသွားကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒီဗွီဘီကို အတည်ပြုပြောကြားပါတယ်။ "ရှင်ပြုကထိန်သွားကြတာလို့ သိရတယ်။ အပြန်မှာမိုင်းခွဲခံရပြီး ၃ ဦးသေတယ်၊ ၆ ဦး ဒဏ်ရာရတယ်လို့ အကြမ်းအားဖြင့် သိရတယ်ဗျ။ ဖောက်တာက အာဆာအဖွဲ့ ဖြစ်နိုင်တယ်။ အခုမိုင်းခွဲတဲ့နေရာက ယခင်က ရဲတပ်ရင်းမှူးတစ်ဦးကျသွားတာ အဲဒီနားပါပဲလို့ သိရတယ်။"လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။ သေဆုံးသွားမိသားစုတွေကတော့ မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာနေ ဦးကျော်ရဲအောင် အသက် (၂၅) နှစ်၊ ဇနီးဖြစ်သူ မဆန်းရီ အသက်(၂၀) နဲ့  ၁ နှစ်အရွယ် သားငယ်ဖြစ်​ကြောင်းသိရပါတယ်။ သာယာကုန်းကျေးရွာမှ ဦးကျော်ကျော်နိုင်(ခ)မောင်ဘု ရဲ့ ရှင်ပြုပွဲကထိန်အလှူပွဲကို မောင်တောမြို့နယ်တောင်ပိုင်း ခရေမြိုင်ကျေးရွာကနေ ကား ၃ စီးနဲ့ အလှူသွားရောက်ပြီး အပြန်လမ်းမှာ မိုင်းပေါက်ခွဲခံရတာလို့  ခရေမြိုင်ကျေးရွာသား  မောင်သိန်းလှက ပြောပါတယ်။ "ကား ၃ စီးနဲ့ ရှင်ပြုကထိန်က အပြန်မှာ တစ်စီး အခုလိုမိုင်းခွဲခံရတာပါ။ ကားကတစ်ခါတည်း မိုးပေါ်ကို မြောက်တက်သွားတာ။ ကားမှာလူက ၉ ဦးပါတယ်။ သေတာက ၃ ဦး၊ ၆ ဦးက ဒဏ်ရာပြင်းတယ်။" လို့ပြောပါတယ်။ အဆိုပါဒေသမှာ ၂၀၂၀  မတ်လ ၂၄ ရက် မနက် ၆ နာရီလောက်ကလည်း နယ်ခြားစောင့်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရလို့  အရာရှိ ၂ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ဖူးပါတယ်။ သတင်း - လင်းလက်
5 months Ago
Up