နှစ်သစ်ကို ၉ ပွဲဆက် အနိုင်ရလဒ်နဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ဘောလုံးလိဂ် သမိုင်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းအနေနဲ့ ၂၀၂၁ ခုနှစ်အတွင်း သူတို့ရဲ့အမှားအယွင်းမရှိတဲ့ စံချိန်ကို စနေနေ့ ရှက်ဖီးလ်အသင်းနဲ့ပွဲမှာ ဆက်ထိန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ဂါဘရီရယ်ဂျေဆုက သွင်းယူပေးခဲ့ပြီး ဒီရလဒ်ကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်နေပြီလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ကာရာဘောင်းပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်သလို ၄ နှစ် ဆက်တိုက်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေပါတယ်။
ဒါ့အပြင် အသင်းဟာ အက်ဖ်အေဖလားရဲ့ ပဉ္စမအဆင့်ကိုလည်း ရောက်ရှိထားပြီ ဖြစ်ပါတယ်။ အခုနှစ် စတင်ချိန်ကတည်းက မန်စီးတီးဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ ဘာမင်ဂမ်၊ ဘရိုက်တန်၊ ခရစ္စတယ်ပဲလေ့စ်၊ ဗီလာ၊ ချယ်တမ်ဟန်၊ ဝက်ဘရွမ်းစ်နဲ့ ရှက်ဖီးတို့ကို အနိုင်ယူထားခဲ့တာပါ။
မန်စီးတီးမတိုင်ခင် ဘယ်အသင်းကမှ ဇန်နဝါရီလမှာ ဒီလိုရလဒ်မျိုးထွက်အောင် လုပ်မပြနိုင်သေးပါဘူး။ ဒါဟာ မန်စီးတီးအသင်းအတွက် နိုင်ပွဲစံချိန်လည်း ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ ၁၂ ပွဲဆက် နိုင်ပွဲစံချိန်ဟာ ဒီဇင်ဘာလ အလယ်ပိုင်းလောက်ကတည်းက စတင်ခဲ့တာဖြစ်ပြီး နိုင်ပွဲနဲ့အတူ စံချန်သစ်ပါတင်ခဲ့တဲ့အတွက် မန်စီတီးနည်ပြ ဂွါဒီယိုလာက သူ့အသင်းသားတွေအတွက် ဂုဏ်ယူနေပေမယ့် အောင်မြင်မှုကြီးကြီးမားမား မရခင်အချိန်အတွင်း စိန်ခေါ်မှုများစွာ ရှိနေဆဲဆိုတာကိုလည်း သတိပြုမိကြောင်း ပြောပါတယ်။ ရှက်ဖီးလ်နဲ့ပွဲအပြီးမှာ ဂွါဒီယိုလာက “ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ လုပ်ပြနိုင်ခဲ့တာတွေက တကယ်ကို အမေးဇင်းပါပဲ။ ကျနော်တို့ အမှတ်တွေ လျော့ခဲ့ပေမယ့် ဒါဟာ ဘယ်လိုမျိုး ဖြတ်ကျော်မလဲဆိုတာကို ပြသနေပါတယ်။ ဒီလိဂ်မှာ ပွဲတိုင်းက ခက်ခဲပါတယ်။ ကျနော်တို့ မကြာခင် ရောက်လာတော့မယ့် ခက်ခဲတဲ့ အခိုက်အတန့်တွေကို အကောင်းဆုံး တုံ့ပြန်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။