ရှက်တာဒိုးနက်

December 2, 2020

ရှက်တာဒိုးနက်ကို ထပ်မံရှုံးနိမ့်ခဲ့ပေမဲ့ ရာထူးက နုတ်ထွက်မည်မဟုတ်ဟု ရီးရဲလ်နည်းပြဇီဒန်း ပြော

ဒီမနက်အစောပိုင်းကန်သွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ  လျော့ရဲတဲ့ခြေစွမ်းနဲ့အတူ ရှက်တာဒိုးနက်အသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ထပ်မံရှုံးနိမ့်ခဲ့ပေမယ့် ရာထူးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ နည်းပြ ဇီဒန်းက ပြောပါတယ်။ ဒီပွဲမှာ ရှက်တာဒိုးနက်အသင်းရဲ့ လူစားဝင်ကစားသမား ဒန်တင်ဟိုနဲ့ ဆော်လမွန်တို့က အသင်းအတွက် အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီရလဒ်ကြောင့် ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ မျှော်လင့်ချက်ဟာ ဝေဝါးလာခဲ့ရပြီ ဖြစ်ပါတယ်။  ဒီပွဲစဉ်မတိုင်ခင် ပထမအကျော့တုန်းကလည်း ရှက်တာအသင်းကို ရီးရဲလ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာအသင်းရဲ့  ခြေစွမ်းဆိုးရွားနေမှုကြောင့် နည်းပြဇီဒန်းဟာ ဖိအားတွေ မြင့်တက်လာပြီဖြစ်ပြီး ရီးရဲလ်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကိုလည်း ပိုင်ဆိုင်ထားပါတယ်။  ဒါပေမဲ့ ပြင်သစ်သား နည်းပြကြီးကတော့ ရာထူးကနေ နုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောပါတယ်။  “ကျနော် ရာထူးကနေ လုံးဝနုတ်ထွက်မှာ မဟုတ်ဘူး။ ကျနော်တို့မှာ ခက်ခဲတဲ့အချိန်တွေ ရှိတတ်ပါတယ်။ အသင်းရလဒ်တွေဟာ ဆိုးရွားနေတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက်ရပါမယ်။ ကျနော်တို့ အများကြီး ပြင်ဆင်ခဲ့ပါတယ်” လို့ ဇီဒန်းက ပြောပါတယ်။ ဇီဒန်းရဲ့အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ အလာဘတ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတော့ ဒီပွဲမှာ သူ့အသင်းဟာ အနိုင်ရရှိဖို့ မထိုက်တန်ခဲ့ဘူးလို့ ဇီဒန်းက ဝန်ခံပါတယ်။  ရှက်တာအသင်းကို ရှုံးနိမ့်ခဲ့မှုမှာလည်း ကံတရားရဲ့ မျက်နှာသာပေးမှုကို မရရှိခဲ့ဖူးလို့လည်း ဇီဒန်းက ယူဆထားပါတယ်။  “ကျနော့်ကစားသမားတွေကို ယုံကြည်ပါတယ်။ ကျနော်တို့မှာ ကြံ့ခိုင်မှုရှိပါတယ်။ အလာဘတ်နဲ့ ပွဲတုန်းက ကျနော်တို့အသင်းက အနိုင်ရရှိဖို့ ထိုက်တန်မှုမရှိခဲ့ပေမယ့် ဒီပွဲမှာတော့ ကျနော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ ကျနော်တို့မှာ ရွေးစရာမရှိပါဘူး။ ဒါ့ကြောင့် အလုပ်ကို ကြိုးစားပြီး ရလဒ်ကောင်းတွေ ပြန်လည်ရရှိဖို့ ဆက်လက်လုပ်ဆောင်သွားရပါမယ်”  ဇီဒန်းက ပြောပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းအတွက် အဓိကပြဿနာဟာ ခံစစ်ပိုင်းဖြစ်ပြီး ဒါကို ချန်ပီယံလိဂ်မှာ သိသိသာသာ မြင်တွေ့နေရပါတယ်။ ရှက်တာကို ရှုံးနိမ့်ခဲ့ပြီးတော့ အုပ်စု ၅ ပွဲအတိုင်း အသင်းရဲ့ ပေးဂိုးအရေအတွက်ဟာ ၉ ဂိုးအထိ ရှိလာပြီဖြစ်ပြီး ဒါဟာ ချန်ပီယံလိဂ်သမိုင်းတလျှောက် အသင်းရဲ့ အဆိုးရွားဆုံး ခံစစ်စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အသင်းက ရလဒ်ဆိုးကနေ ရုန်းထွက်နိုင်လိမ့်မယ်လို့လည်း ဇီဒန်းက ယုံကြည်နေပါတယ်။
5 months Ago
Up