ရွှေ၊ ဒေါ်လာနှင့် ဆီဈေးနှုန်း

October 1, 2021

ရွှေ၊ ဒေါ်လာနှင့် ဆီဈေးနှုန်းများတက်နေသည့်အပေါ် စစ်ကောင်စီဖြေရှင်းမှု စီးပွားရေးသမားများ စောင့်ကြည့်မည်

ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတက်နေတာကို စစ်ကောင်စီက ဘယ်လိုတာဝန်ယူ ဖြေရှင်းမယ်ဆိုတာကို စောင့်ကြည့်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြားလိုက်ပါတယ်။  

ဒေါ်လာဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးတက်နေတာတွေဟာ သူတို့လက်ထက်မှာဖြစ်တာ ဖြစ်တဲ့အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ဖြေရှင်းပေးမယ်လို့ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 

ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ မြန်မာ့စီးပွားရေးသမိုင်းတစ်လျှောက် စံချိန်တင်နှုန်းထားတွေနဲ့မြင့်တက်နေတာဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၈ရက်နေ့တုန်းက အမေရိကန် ၁ ဒေါ်လာကို ငွေကျပ် ၂၈၀၀နီးပါးအထိ ဈေးပေါက်ခဲ့ပြီး စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ၁ ဒေါ်လာကို ငွေကျပ် ၂၄၀၀ ပတ်ဝန်းကျင်ဈေးပေါက်နေပါတယ်။

မြန်မာကျပ်ငွေဖောင်းပွပြီး တန်ဖိုးကျဆင်းတာကြောင့် ဒေါ်လာ၊ စက်သုံးဆီနဲ့ ရွှေဈေးတွေတက်နေတာဖြစ်ပြီး ဘယ်လို နည်းလမ်းနဲ့ စစ်ကောင်စီက ဖြေရှင်းမယ်ဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က မြန်မာကျပ်ငွေတန်ဖိုးကိုထိန်းဖို့အတွက် အာဏာသိမ်း ပြီးနောက်ပိုင်းမှာ ဒေါ်လာ ၁၈၄ သန်းကျော်ကို ၃၆ ကြိမ်ခွဲတမ်းချရောင်းချပေးခဲ့ပေမဲ့ စီးပွားရေးအဆောက်အဦတစ်ခုလုံး လည်ပတ်ဖို့လုံလောက်တဲ့ ပမာဏမဖြစ်ခဲ့ပါဘူး။ 

ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတဲ့ ဒေါ်လာတွေဟာ စစ်ကောင်စီနဲ့လက်သင့်တဲ့ လုပ်ငန်းရှင်တွေကိုသာ ရောင်းချတာဖြစ်တယ်လို့ လုပ်ငန်းရှင်တချို့ကဝေဖန်ပါတယ်။ 

စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီဗဟိုဘဏ်က ၅ကြိမ်ခွဲပြီး ထုတ်ရောင်းပေးခဲ့တဲ့ ဒေါ်လာ ၆၃ သန်းကျော်ကတော့ စက်သုံးဆီတင်သွင်းတဲ့လုပ်ငန်းရှင်တွေလက်ထဲကို တကယ်ရောက်ခဲ့တယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တစ်ယောက်ကပြောပါတယ်။

ဒါပေမဲ့ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးတဲ့အခိုက်အတန့်မှာပဲ စက်သုံးဆီဈေးကိုထိန်းနိုင်မှာဖြစ်ပြီး ထုတ်ရောင်းပေးတဲ့ ဒေါ်လာနဲ့ ဝယ်တဲ့ဆီတွေကုန်သွားရင်တော့ ပြင်ပပေါက်ဈေးအတိုင်းပဲပြန်ရောင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

စက်သုံးဆီဈေးတက်တာကြောင့် နယ်မြို့တွေမှာတော့ အရောင်းအဝယ်တွေ ရပ်လုနီးပါး ဖြစ်နေပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်ဖို့ အခက်အခဲကြုံနေရ ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ စီးပွားရေးတစ်ခုတည်းကို ကွက်ပြီးထိန်းချင်လို့မရဘဲ နိုင်ငံရေးအတွက် သင့်တင့်တဲ့အဖြေတစ်ခုရှာဖို့လိုတယ်လို့ စီးပွားရေးပညာရှင်တစ်ယောက်က သုံးသပ်ထားပါတယ်။ 

ဒေါ်လာဈေးတက်တဲ့အကြောင်းအရင်းတွေကို ကြည့်ရင် နိုင်ငံရေးမတည်ငြိမ်တာ၊ ဘဏ်တွေပုံမှန်မလည်ပတ်နိုင်လို့ ငွေသားရှားပါးတာ၊ ပြည်သူတွေက ကျပ်ငွေကိုမယုံကြည်တော့ဘဲ ဒေါ်လာနဲ့ ရွှေ လိုခိုင်မာမှုရှိတဲ့ဘက်မှာ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းဖို့ ကြိုးစားလာတာတွေကြောင့် ဖြစ်ပါတယ်။

ဒေါ်လာဈေးတက်သလို ရွှေဈေး၊ စက်သုံးဆီဈေးတွေလည်းတက်နေပြီး သွင်းကုန်အတွက် ဒေါ်လာလိုအပ်ချက်မပြည့်မှီရင် ကုန်ဈေးနှုန်းတွေထိုးတက်ပြီး အခြေခံပြည်သူတွေအတွက် ပိုခက်ခဲလာမယ်လို့ လုပ်ငန်းရှင်တစ်ယောက်က ခန့်မှန်းပါတယ်။ 

1 year Ago
Up