ရွှေ့ပြောင်းသူ

February 15, 2020

ဥရောပကိုသွားမည့် ရွှေ့ပြောင်းသူ ၈၀ ကျော်ကို စပိန်ကမ်းခြေစောင့်တပ် ကယ်ဆယ်

ဥရောပကိုသွားဖို့ စပိန်နိုင်ငံ ဂရန်းကန်နာရီယာကျွန်းကို ရောက်ရှိလာတဲ့ ကလေးငယ်တွေအပါအဝင် ရွှေ့ပြောင်းလာသူ ၈၅ ယောက်ကို ဖေဖော်ဝါရီ ၁၄ ရက်မှာ စပိန်ကမ်းခြေစောင့်တပ်က ကယ်ဆယ်လိုက်ပါတယ်။ ရွှေ့ပြောင်းလာသူ ၈၆ ယောက်မှာ မွေးကင်းစ ကလေးငယ် ၁ ဦး၊ ကလေးငယ် ၁၀ ဦး၊ အမျိုးသမီး ၂၈ ဦးနဲ့အမျိုးသား ၄၆ ဦးတို့ ပါဝင်ပြီး အမျိုးသမီး ၂၈ ဦးအနက် ၃ ဦးဟာ ကိုယ်ဝန်နဲ့ ဖြစ်တယ်လို့ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။   ရောက်လာတဲ့ မွေးကင်းစ ကလေးငယ်နဲ့ မိခင်တို့ကို  မြို့တော် လက်စ်ပမ်မက်စ်ရှိ ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။ ၂၀၂၀ ဇန်နဝါရီ ၃၁ ရက်အထိ စပိန်နိုင်ငံကို ရေကြောင်းကနေ လာရောက်တဲ့ ရွှေ့ပြောင်းလာသူ စုစုပေါင်းဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၅၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ စပိန်ပြည်ထဲရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေက ဖော်ပြပါတယ်။   ဒါပေမဲ့ မြေထဲပင်လယ်ကမ်းရိုးတန်း အဝင်အထွက်ကို ကင်းလှည့်ရေယာဉ်တွေနဲ့ တင်းကျပ်ထားတာမို့ ရွှေ့ပြောင်းလာသူတွေဟာ အတ္တလန္တိတ်လမ်းကြောင်းကို ပြောင်းလဲ ရွေးချယ်လာပြီး ကနေရီကျွန်းကို တရားမဝင် ရောက်လာသူတွေဟာ ၁၈ ဆလောက် မြင့်တက်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
1 year Ago

January 23, 2020

အမေရိကန်သွားရောက်မည့် ရွှေ့ပြောင်းသူများ ဂွါတီမာလာနှင့် မက္ကဆီကိုနယ်စပ်တွင် သောင်တင်

အမေရိကန်နိုင်ငံကို ဦးတည်ထွက်ခွာလာတဲ့ ဗဟိုအမေရိကနိုင်ငံတွေက လူအုပ်ကြီးဟာ ဇန်နဝါရီ ၂၂ ရက်က ဂွါတီမာလာနဲ့ မက္ကဆီကိုနယ်စပ်ကြားမှာ သောင်တင်နေပါတယ်။  အဲဒီလူအုပ်ကြီး သောင်တင်နေတဲ့အတွက် မက္ကဆီကို သမ္မတ လိုပက်ဇ်-အော်ဘရေဒိုအဖို့ ခေါင်းခဲစရာကိစ္စရပ်ဖြစ်နေပါတယ်။  အကြောင်းကတော့ ခိုလှုံခွင့်တောင်းခံမယ့်သူတွေ  အမေရိကန်နယ်စပ်ဆီ ရောက်မလာစေဖို့ သမ္မတ ထရမ့်အစိုးရက မက္ကဆီကိုသမ္မတအား အပြင်းအထန် ဖိအားပေးနေလို့ ဖြစ်ပါတယ်။  ဒါကြောင့် ဂွါတီမာလာနဲ့ မက္ကဆီကိုနယ်စပ်တလျှောက် တရားမဝင် ဝင်လာသူတွေကို တားဆီးဖို့ မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့တွေကို တိုးမြှင့်ချထားပါတယ်။  ဟွမ်ဒူးရပ်စ်နိုင်ငံက ဝင်လာသူ ၁၀၀၀ ဝန်းကျင်ဟာ  နယ်စပ်ဖြတ်ကူးဖို့ ကြိုးပမ်းခဲ့ပေမယ့် ရာနဲ့ချီတဲ့သူတွေကို လေယာဉ်၊ ဘတ်စ်ကားတွေနဲ့ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ မက္ကဆီကန် အာဏာပိုင်တွေက ဇန်နဝါရီ ၂၁ ရက်မှာ ပြောခဲ့ပါတယ်။  ဟွန်ဒူးရပ်စ်ကနေ ပြောင်းရွှေ့လာသူ တဦးကလည်း အောက်တိုဘာလတုန်းက ဝင်လာတဲ့ လူအုပ်စုလိုမျိုး သူတို့ကို ဖြတ်သန်းခွင့်ပြုမယ် ထင်ခဲ့ပေမယ့် မက္ကဆီကန် အာဏာပိုင်တွေက နယ်စပ် ဖြတ်ခွင့်မပြုဘူးလို့ ပြောပြခဲ့ပါတယ်။  အမေရိကန် အစိုးရက မက္ကဆီကိုအပေါ် သွင်းကုန်ခွန် စည်းကြပ်မယ်လို့ ခြိမ်းခြောက်ပြီးနောက်  မက္ကဆီကိုရဲ့ တင်းကြပ်တဲ့လူဝင်မှုစနစ်နဲ့ တောင်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင် တိုးမြှင့်ချထားတာကြောင့် ဗဟိုအမေရိကပြောင်းရွှေ့လာသူအရေအတွက် ထိုးကျသွားခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။ 
1 year Ago
Up