ရွှေ့ပြောင်းလူအုပ်

January 19, 2021

အမေရိကန်သွားမည့် ဟွန်ဒူးရပ်စ်ရွှေ့ပြောင်းလူအုပ်ကို ဂွါတီမာလာတပ်ဖွဲ့ တားဆီး

အမေရိကန်ဆီ ဦးတည်ထွက်လာတဲ့ ဟွန်ဒူးရပ်စ်နိုင်ငံသား အများစုပါ စခန်းချ လူအုပ်ကြီးကို ဂွါတီမာလာ လုံခြုံရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၈ ရက်မှာ ရှင်းလင်းလိုက်ပါတယ်။ ဟွန်ဒူးရပ်စ်နဲ့ အယ်ဆာဗေဒိုနယ်စပ်ကနေ ၃၄ မိုင် ဝေးတဲ့နေရာမှာ  ရွှေ့ပြောင်းလာသူတွေကို လုံခြုံရေးတွေက ပိတ်ဆို့ခဲ့ပြီးနောက် ဂွါတီမာလာအရှေ့ပိုင်းမှာ ယာဉ်အသွားအလာ ပြန်ဖွင့်လိုက်ပြီလို့ အစိုးရက ကြေညာပါတယ်။ ဒီလူအုပ်ကြီးကို ရှင်းလင်းတာက ဂွါတီမာလာအာဏာပိုင်တွေရဲ့ ရွှေ့ပြောင်းလာသူတွေကို လူစုခွဲတဲ့ နောက်ဆုံး ကြိုးပမ်းမှုပါ။ ပြီးခဲ့တဲ့သီတင်းပတ်က ဟွန်ဒူးရပ်စ်နိုင်ငံကနေ အမေရိကန်ဆီ ထွက်ခွာလာတဲ့ လူအုပ်ကြီးဟာ နာရီပိုင်းအတွင်း ၈,၀၀၀ နီးပါး ရှိလာတယ်လို့  အာဏာပိုင်တွေက ဆိုပါတယ်။  ဂွါဒီမာလာ နိုင်ငံခြားရေးဝန်ကြီးကလည်း ဟွန်ဒူးရပ်စ်နိုင်ငံသားတွေကို ပြန်ခေါ်ဖို့  ဟွန်ဒူးရပ်စ် အစိုးရကို တောင်းဆိုထားပါတယ်။ ပိုမိုလူသားဆန်တဲ့ ရွှေ့ပြောင်းရေးမူဝါဒတွေ ချမှတ်မယ်လို့ ကတိပြုထားတဲ့ ဂျိုးဘိုင်ဒင်  အမေရိကန်သမ္မတ ရာထူးလက်ခံတော့မယ့်အချိန်မှာပဲ ၂၀၂၁ ခုနှစ်ရဲ့ ပထမဆုံး ရွှေ့ပြောင်းလူအုပ်ကြီးဟာ အမေရိကန်ဆီ ဝင်ဖို့ ကြိုးပမ်းနေတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
9 months Ago
Up