ရွှေ့ပြောင်းနေထိုင်သူများ

December 28, 2020

ဘော့စနီးယားတွင် ရွှေ့ပြောင်းနေထိုင်သူများ၏စခန်း ဖျက်ဆီးခံရ

အာရှ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကတို့က ရွှေ့ပြောင်းနေထိုင်သူ ၁,၀၀၀ ကျော်ဟာ သူတို့စခန်းကို မီးရှို့ခံရအပြီး ဘော့စ်နီးယား အနောက်မြောက်ဘက်က ဆောင်းရာသီ အအေးလေဟာပြင်ထဲမှာ အိပ်စက်နေရတာကို ဒီဇင်ဘာ ၂၇ ရက်က တွေ့ရပါတယ်။ ဘော့စ်နီးယား နိုင်ငံရေးသမားတွေက သူတို့ကို ခိုလှုံခွင့် ပြု၊ မပြု အငြင်းပွားနေပါတယ်။ လီပါမြို့က စခန်းကို ဖျက်ဆီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က မီးဘေးအပြီး ကျန်နေတဲ့ တဲနည်းနည်းရဲ့ ကြမ်းပြင်ပေါ်မှာ ဆောင်းရာသီဝတ် အဝတ်အစားတွေ စောင်တွေနဲ့ အိပ်နေရတာပါ။ တချို့ကတော့ နှင်းထဲကို ဖြတ်ပြီး စားစရာအတွက် တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ ဒီစခန်းဟာ နွေရာသီအတွက် ယာယီစခန်းသာဖြစ်ပြီး ဆောင်းရာသီမှာ ပြန်မွမ်းမံဖို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပိတ်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ စခန်းကို မီးရှို့ခံရပါတယ်။ ပြန်မွမ်းမံဖို့ စခန်းပိတ်တာကို မကျေနပ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ စမီးရှို့တာ ဖြစ်နိုင်တယ်လို့ ရဲတွေနဲ့ ကုလသမဂ္ဂအရာရှိတွေက ပြောပါတယ်။ သူတို့ကို ဘော့စနီးယားက ဘယ်နေရာမှာ ပြန်နေရာချထားမယ်ဆိုတာ မသေချာသေးပါဘူး။ “တဲအမိုးပေါ်မှာ နှင်းတွေ ပုံနေတဲ့ ခုလိုအချိန်မှာ နေရတာ ခက်ခဲတယ်။ တဲထဲမှာ ရွှေ့ပြောင်း နေထိုင်သူ အယောက် ၅၀၀ ကျော်ရှိတယ်။ သူတို့သေရင် ဘော့စနီးယား အစိုးရက တာဝန်ယူမလား၊ ကုလသမဂ္ဂက တာဝန်ယူမလား” လို့ အာဖဂန်နစ္စတန်နိုင်ငံက ရွှေ့ပြောင်းလာသူ တယောက်က ပြောပါတယ်။ ဘော့စ်နီးယား ဗဟိုအစိုးရက ရွှေ့ပြောင်းနေထိုင်သူတွေကို ဘီဟက်မြို့က ဘီရာစခန်းဆီ ယာယီပြန်စေချင်ပေမယ့် ဒေသန္တရအစိုးရက လက်ခံဖို့ သဘောမတူပါဘူး။ ရွှေ့ပြောင်းအကျပ်အတည်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ဘော့စနီးယားရဲ့ တခြား အစိတ်အပိုင်းတွေကလည်း ခွဲဝေတာဝန်ယူသင့်တယ်လို့ ပြောပါတယ်။ ဥရောပသမဂ္ဂက ရွှေ့ပြောင်းအကျပ်အတည်းကို စီမံခန့်ခွဲဖို့ ဘော့စနီးယားကို ယူရိုငွေ သန်း ၆၀ ထောက်ပံ့ပေးထားပြီး နောက်ထပ် ယူရို ၂၅ သန်း ပေးဦးမယ်လို့ ကတိပြုထားပါတယ်။ လူသားချင်းစာနာမှု အကျပ်အတည်းတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးရင်း လီပါစခန်းက လူတွေအတွက် တခြားနည်းရှာဖို့ ဘော့စ်နီးယား အာဏာပိုင်တွေကို ထပ်ခါတလဲလဲ ပြောထားပါတယ်။
1 year Ago

September 15, 2020

ဂရိနိုင်ငံ လက်ဘော့စ်ကျွန်းက ရွှေ့ပြောင်းနေထိုင်သူများ ဆန္ဒပြ

ဂရိနိုင်ငံ လက်ဘော့စ်ကျွန်းရဲ့ လမ်းတွေပေါ်မှာ သောင်တင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးတွေနဲ့ ကလေးတွေ စက်တင်ဘာ ၁၄ ရက်က ကျွန်းပေါ်က ထွက်ခွာသွားခွင့်ပြုရေး တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အရင်တပတ်က လောင်တဲ့မီးကြောင့် ကျွန်းပေါ်က လူတွေ ကြပ်ညပ်နေတဲ့ မိုရီယာစခန်း မီးလောင် ပျက်စီးခဲ့ပါတယ်။ အာဖဂန်နစ္စတန်၊ အာဖရိကနဲ့ ဆီးရီးယားနိုင်ငံတို့က အများစုဖြစ်တဲ့ ထောင်ချီတဲ့လူတွေဟာ ခိုလှုံစရာမရှိ၊ သင့်တော်တဲ့ မိလ္လာစနစ်မရှိဘဲ လေဟာပြင်မှာ အိပ်နေရပါတယ် လမ်းကို ပိတ်ထားတဲ့ ဂရိ ရဲတွေဆီကို အမျိုးသမီးတွေနဲ့ ကလေးတွေ ချီတက်သွားခဲ့ကြပြီး ‘စခန်းကို မလိုချင်ဘူး၊ လွတ်လပ်ရေး’ စတဲ့ ကြွေးကြော်သံတွေကို ဟစ်ကြွေးခဲ့ပါတယ်။  “ကျနော်တို့ နေ့တိုင်း သေနေတယ်။ မိုရီယာစခန်းက သတ်နေတယ်” စတဲ့ စာတွေကို လက်ရေးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။ ယာယီတဲစခန်းသစ်ထဲမှာ ရွှေ့ပြောင်းနေထိုင်သူ ၆၀၀ လောက် အခြေချပြီးပေမယ့် အများအပြားက အဲဒီတဲစခန်းသစ်ဆီ သွားဖို့ ငြင်းနေပြီး တခြားဥရောပနိုင်ငံတွေဆီ ရွှေ့ပေးဖို့ တောင်းဆိုနေတာပါ။ လူကြီး အဖော်မပါတဲ့ ကလေး ၄၀၀ ကျော်ကို ကျွန်းပေါ်ကနေ ဂရိကုန်းမကြီးဆီ အာဏာပိုင်တွေက ရွှေ့ပေးပြီးပါပြီ။ လက်စ်ဘော့စ်ကျွန်းပေါ်က လူထောင်ချီကို လက်ခံဖို့ ဂျာမနီ နိုင်ငံက စဉ်းစားနေပြီး ဥရောပသမဂ္ဂက တည်ဆောက် လည်ပတ်မယ့် စခန်းသစ်ကို မျှော်လင့်ထားတယ်လို့ ဒေသခံသတင်းစာက ရေးပါတယ်။ လမ်းပေါ်က ရွှေ့ပြောင်းနေထိုင်သူ အားလုံးကို စခန်းသစ်ဆီ ဒီသီတင်းပတ်အတွင်း ရွှေ့ပေးဖို့ ဂရိအစိုးရက မျှော်လင့်ထားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။
1 year Ago
More News
Up